စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

AA အဖွဲ့ခေါင်းဆောင်များကို ကိုယ့်လူမျိုးကိုကိုယ် ပြန်ဖျက်ဆီးနေဟု စစ်ခေါင်းဆောင်စွပ်စွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.9k

နိရဉ္စရာ၊ ဩဂုတ် ၆/၂၀၂၄

အာရက္ခတပ်တော် (AA) ခေါင်းဆောင်များသည် ကိုယ့်လူမျိုးကိုကိုယ် ပြန်ဖျက်ဆီးနေသည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွပ်စွဲပြောဆိုလိုက်သည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားရာတွင် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ ထည့်သွင်းပြောကြားသွားခဲ့ခြင်းဖြစ်သည်။

“ AA  အဖွဲ့ဆိုရင်လည်း ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ၁၃ ရက်နေ့မှာပဲ ရခိုင်ပြည်နယ် နယ်ခြားစောင့် ရဲကင်းစခန်းငယ် တစ်ခုဖြစ်တဲ့ ဒုံးပိုက်ရဲကင်းစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းနဲ့ ရခိုင်ပြည်နယ် အတွင်း မတည်ငြိမ်မှုတွေဖြစ်အောင်  စတင်ဖန်တီးခဲ့ပါတယ်။ အဲဒီနောက် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေးစခန်းတွေ၊ တပ်စခန်းတွေကို တိုက်ခိုက်ပြီး ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဘ၀များ၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍအစုံကို ဖျက်ဆီးခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒေသခံပြည်သူများ အနေနဲ့ ရန်ကုန်၊ နေပြည်တော်နဲ့ အခြားမြို့တွေကို တိုက်ပွဲရှောင်များအဖြစ် တိမ်းရှောင် ထွက်ပြေးခဲ့ကြရပါတယ်။ ယခုအချိန်မှာလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ မြို့ရွာတွေသာမက တည်ငြိမ်စွာ အေးချမ်းစွာနေထိုင်လိုတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းရှိ မြို့များကိုလည်း အပြင်းအထန် တိုက်ခိုက်လျက်ရှိတာကို တွေ့ရပါတယ်။ ရခိုင်ပြည်နယ်မှာရခိုင်လူမျိုး ၉၀ ရာခိုင်နှုန်း နေထိုင်တာကြောင့်  AA အဖွဲ့ခေါင်းဆောင်များရဲ့ လုပ်ရပ်များဟာ ကိုယ့်လူမျိုးကိုယ် ပြန်ဖျက်ဆီးနေသလို ဖြစ်နေတာလည်း တွေ့ရပါတယ်” ဟု ပြောဆိုသည်။

ယခုကဲ့သို့ အာရက္ခတပ်တော်ခေါင်းဆောင်များကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွပ်စွဲပြောဆိုသော်လည်း အာရက္ခတပ်တော်သည် မြန်မာလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအထဲတွင်  မကြုံစဖူး လူထု ထောက်ခံမှုအများဆုံး ရရှိထားသည့် တော်လှန်ရေး တပ်မတော်တစ်ရပ်အနေဖြင့် ရပ်တည်လျှက်ရှိနေသည်ဟု မြန်မာ့အရေး လေ့လာသုံးသပ်သူများ၏ ဆန်းစစ်ချက်အရ သိရသည်။

ထိုသို့ လူထုထောက်ခံမှုကို အပြည့် အ၀ ရရှိထားသဖြင့် အာရက္ခတပ်တော်သည် ရခိုင်ပြည်တွင် မြို့နယ် ၈ ခုကိုသာမက ပလက်၀ဒေသတစ်ခုလုံးကို သိမ်းပိုက်ရရှိထားသည်။ လက်ရှိတွင်လည်း ရခိုင်ပြည်နယ်တောင်ပိုင်းခရိုင်မြို့တစ်ခုဖြစ်သည့် သံတွဲမြို့ကိုလည်း သိမ်းပိုက်ထားကာ လက်ရှိ လက်ကျန် မောင်ရွှေလေးရေတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

၎င်းပြင်မောင်တောမြို့နယ်လုံးရှိ နယ်ခြားစောင့်စခန်းများအားလုံးကို သိမ်းပိုက်ပြီး ကျန်ရှိနေသေးသည့် တစ်ခုတည်းသော လက်ကျန်စခန်း နခခ (၅) နယ်ခြားစောင့် စခန်းနှင့် မောင်တောမြို့ကို အပြီးသတ် သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲမှာ အလွန်ပြင်းထန်လျှက်ရှိနေသည်။

ထိုသို့ ရခိုင်ပြည်တွင် စစ်ကောင်စီ စခန်းများ တစ်ခုပြီး တစ်ခု အာရက္ခတပ်တော်က သိမ်းပိုက်ပြီး လက်လွှတ်နေရသေည်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ တပ်မတော်အနေဖြင့် ပြည်သူများနှင့် ပူးပေါင်းပြီး နယ်မြေဒေသတွေ ပြန်လည် တည်ငြိမ်အေးချမ်းဖို့ အတွက်ဆောင်ရွက်သွားမည်ဟုလည်း ပြောဆိုသွားသည်။

“ တပ်မတော်အနေနဲ့လည်း နယ်မြေဒေသတွေ ပြန်လည် တည်ငြိမ်အေးချမ်းဖို့ အတွက် ဒေသခံ ပြည်သူများနဲ့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု သူ့၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

ဆက်စပ် သတင်းများ