အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်ကောင်စီက အရပ်သားများအား ဗုံးကြဲသတ်ဖြတ်နေမှုများအား ဟန့်တားရန် တရုတ်နိုင်ငံကို ညီနောင်မဟာမိတ်(၃) ဖွဲ့တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.3k

နိရဉ္စရာ၊ ဩဂုတ် ၇/ ၂၀၂၄

စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် အရပ်ဒေသများတွင် အရပ်သားများအား ဗုံးကြဲသတ်ဖြတ်နေမှုများအား ဟန့်တားရန် တရုတ်အစိုးရအား ညီနောင် မဟာမိတ် (၃) ဖွဲ့ က အဓိကထား တိုက်တွန်း တောင်းဆိုလိုက်သည်။

၂၀၁၄ ခုနှစ် ဩဂုတ် ၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် “ တိုက်ပွဲဖြစ်ပွားရာ ဒေသမဟုတ်သည့် နေရာ ဒေသများမှ အပြစ်မဲ့ပြည်သူလူထုများကို လေကြောင်းမှ တိုက်လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်နေသော စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များ အပေါ် ညီနောင်မဟာမိတ်(၃)ဖွဲ့တို့၏ သဘောထားထုတ်ပြန်ချက်”   ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

ထုတ်ပြန်ချက်အထဲတွင် “စစ်ကောင်စီ (စကစ) နှင့် မိမိတို့ မြောက်ပိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့တို့သည် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြရာတွင် တိုက်ပွဲများအတွင်း အေရးမလွ စစ်ရှုံးနေသည့် စစ်ကောင်စီသည် တိုက်ပွဲဇုန်မဟုတ်သည့် မြို့၊ ရွာများရှိ  ပြည်သူလူထုတို့အား တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ကာ ကြီးလေးသောစစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန် နေကြသည်ကို မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့မှ အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါသည်” ဟု ဖော်ပြပါရှိသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိတော့သည့် ညီနောင်မဟာမိတ် (၃) ဖွဲ့တို့ အသီးသီး ထိန်းချုပ်ထားသော နယ်မြေများအတွင်းမှ လောက်ကိုင်၊ သိန်းနီ(သိန္နီ)၊ ကွတ်ခိုင်၊ နမ့်ဆန် နှင့် မြောက်ဦး အစရှိသည့် မြို့နယ်များတွင် ဒေသခံပြည်သူလူထုတို့ နေထိုင်သွားလာရာ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ ဆေးခန်းများ၊ ဘာသာရေး အဆောက်အအုံများ၊ တံတားများ၊ မြို့၊ ရွာများကို တိုက်လေယာဉ်များဖြင့် ဖျက်အားပြင်းဗုံးများ ကြဲချကာ ပြည်သူလူထုများကို အဓိကပစ်မှတ်ထားပြီး ဆက်တိုက် တိုက်ခိုက်နေပါသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

ထိုကဲ့သို့ ပေါင် (၅၀၀) ဗုံးများနှင့် ဖျက်အားပြင်းဗုံးအမျိုးမျိုးဖြင့် ကြဲချတိုက်ခိုက်နေမှုများကြောင့် ပြည်သူလူထုတို့၏ ဈေး၊ ကျောင်း၊ ဆေးရုံ နှင့် နေအိမ်များစွာ ပျက်စီးဆုံးရှုံးရသည့်အပြင် အပြစ်မဲ့ပြည်သူ အများအပြား ထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်းများ နေ့စဉ်ရက်ဆက် ကြုံတွေ့နေကြရပါသည်။

1027 Operation ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်များ လုံးဝကင်းစင်သွားပြီဖြစ်သော မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ ထိန်းချုပ်ထားသည့် နယ်မြေဒေသရှိ တိုင်းရင်းသားမိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုများမှ ကင်းဝေးစေရန်အတွက် မိမိတို့ လမ်းညွှန် ပြောဆိုထားသည့်အတိုင်း နေထိုင်သွားလာကြပါရန် နှင့် ပူးပေါင်းဆောင်ရွက်ကြပါရန် အထူး မေတ္တာရပ်ခံတောင်းဆိုလိုက်ပါသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့၊ ရွာများရှိ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ အစရှိသော လူထုအဆောက် အအုံများကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး တိုင်းရင်းသားမိဘပြည်သူများကို သတ်ဖြတ်နေသော စစ်ကောင်စီတပ်၏ စစ်ရာဇဝတ်မှုကျူးလွန်နေမှုများကို ဝိုင်းဝန်းတားဆီး ဟန့်တားကြပါရန်ကိုလည်း အိမ်နီးချင်း ဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား အဓိကထားပြီး နိုင်ငံတကာ မိသားစုများအားလုံးတို့ကို အထူးယုံကြည် အားကိုးစွာဖြင့် တောင်းဆို တိုက်တွန်းအပ်ပါသည်ဟု ဖော်ပြထားသည်။

ဆက်စပ် သတင်းများ