အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

KIO ဌာနချုပ် လိုင်ဇာအနီးဝန်းကျင်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 471

(ဗုံးလာကြဲချိန် ရုတ်လေယာဉ်များ နယ်စပ်ဝန်းကျင်တွင် ပျံဝဲကင်းလှည့်မှုများရှိ)

လူထက်နိုင်( ဒွါရာမြီ)၊ နိရဥ္စရာ၊ သြဂုတ် ၈ / ၂၀၂၄

ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization – KIO) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးဝန်းကျင်ကို စစ်ကောင်စီက သြဂုတ် ၈ ရက်၊ နံနက်အစောပိုင်း ညအချိန် ၁ နာရီခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း KIO ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ကျွန်တော် ယူဆရတာကတော့ Y12 လို့ယူဆရတဲ့ လေယာဉ်နဲ့ဗုံးကြဲတာတွေရှိပါတယ်။ လိုင်ဇာပတ်ဝန်းကျင်က မိုင်ဆပ်ပါဆိုတဲ့ရွာကို ဗုံးကြဲတယ်။ နောက်ပြီး မြစ်ကြီးနား-ဗန်းမော်ကားလမ်းက မြို့သစ်ဘက်မှာ ဗုံးကြဲတာရှိပါတယ်။ မိုင်ဆပ်ပါမှာတော့ ခရစ်ယာန် ဘုရားကျောင်းကို သူတို့ဗုံးချပါတယ်။ ပြည်သူလူထုကိုလည်း ဗုံးချတာရှိပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးလည်း ဗုံးထိပါတယ်” ဟု ပြောသည်။

စစ်ကောင်စီက လိုင်ဇာမြို့ဝန်းကျင် ခါယာတောင်နားတဝိုက်နှင့် မြစ်ကြီးနား-ဗန်းမော်က ားလမ်းပေါ်ရှိ မြို့သစ်ဘက်ကိုလည်း ဗုံးကြဲခဲ့ကြောင်း သိရသည်။

မိုင်ဆာပါကျေးရွာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရပြီး ခရစ်ယာန်ဘုရားကျောင်းလည်းပျက်စီးသွားကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။



“အားလုံးသိတဲ့ အတိုင်းပါ။ စစ်ကောင်စီကတော့ ပြည်သူလူထုရှိတဲ့နေရာတွေ၊ စာသင်ကျောင်းတို့၊ ခရစ်ယာန်ဘုရားကျောင်းတွေကိုဗုံးကြဲနေတာပါ” ဟု ပြောသည်။

ထို့ပြင် စစ်ကောင်စီလေယာဉ်များက လိုင်ဇာပတ်ဝန်းကျင်သို့ ဗုံးလာကြဲချိန် တရုတ်နိုင်ငံမှ နယ်နိမိတ် မကျူးကျော်ရန် အချက်ပြသည့်သဘောဖြင့် တရုတ်လေယာဉ်များ နယ်စပ်ဝန်းကျင်တွင် ပျံဝဲ ကင်းလှည့်မှုရှိကြောင်းလည်း သိရသည်။

KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးတဝိုက် နေရာ ၄ ခုတွင် စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်နှင့် ဘုရားကျောင်းဆောင် ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ဒေသတွင်းသတင်း သတင်းများတွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် မိုင်ဆပ်ပါ(Mai sak Pa)၊ မုန်လိုင်ခက်(Munglai Hkyet) ၊ မြို့သစ်(Myo Thit) နှင့်ကုန်းလော(Kunglaw) နေရာများကို ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းများအရ သိရသည်။

ဓာတ်ပုံ - ကချင်သတင်း

ဆက်စပ် သတင်းများ