တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းကို လှူဒါန်း၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိဗ္ဗာန် အမြန်ရောက်ပါစေကြောင်း ဦးဝီရသူ(မစိုးရိမ်) ဆုတောင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 8.5k

ကံ့ကော်နီနီ၊ နိရဉ္စရာ၊ ဩဂုတ် ၉ / ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းကို MNDAA နှင့် မဟာမိတ်များလက်ထဲကို လှူဒါန်းခဲ့၍ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် နိဗ္ဗာန်ကို အမြန်ရောက်ရှိပါစေဟု ဦးဝီရသူ(မစိုးရိမ်) ဆုတောင်းပေးလိုက်သည်။

ဩဂုတ်လ ၈ ရက် ညပိုင်းက "ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကောင်းမှုတရားတော်" အမည်ဖြင့် ဦးဝီရသူ(မစိုးရိမ်)က တရားဟောကြားထားရာတွင် ထိုသို့ ဆုတောင်းပေးထားခြင်းဖြစ်သည်။

၄ မိနစ်ခန့်ကြာမြင့်သည့် အဆိုပါရုပ်သံဖိုင်မှာ လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။

ကနဦးအနေဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရှမ်းပြည်နယ်မြောက်ပိုင်းကို လှူဒါန်းရသည့် ကုသိုလ်ကောင်းမှုကြောင့် ဒုက္ခခပ််သိမ်းချုပ်ငြိမ်းရာအမှန် နိဗ္ဗာန်သို့ အမြန်ရောက်ရှိပါစေဟု ဆုတောင်းဟောကြားထားသည်။

ဦးဝီရသူက "ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်..... ရှမ်းပြည်နယ်မြောက်ပိုင်းကို လှူဒါန်းရတဲ့ ကုသိုလ်ကောင်းမှုကြောင့် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာအမှန် နိဗ္ဗာန်သို့ အမြန်ရောက်ရှိပါစေလို့ ဆိုပြီးတော့ ဧတံမေပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု"ဟု မိန့်ဆိုသည်။

အလားတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အလှူအတန်းရက်ရောလွန်းသည့် ဝေသန္တရာမင်းကြီးဝင်စားသလားမသိဘူးဟု ဦးဝီရသူက စစ်ကောင်စီစစ်တိုင်းမှူးများအား ပြောဆိုထားသည်။

"ခင်ဗျားတို့အဘက ဝေသန္တရာဝင်စားတာလားမသိဘူး။ အလှူအတန်း တအားရက်ရောတာ။ တစ်မြို့ပြီးတစ်မြို့လှူနေတာ ခင်ဗျားတို့သိရဲ့လား။ ခင်ဗျားတို့အဘကိုသေချာမေး။ အဘ ဒီမြို့ကိုရောလှူဖို့စာရင်းထဲပါသေးလား။ ပါတယ်ဆိုရင် ကျွန်တော်တို့ ကြည်ကြည်ဖြူဖြူ လှူလိုက်ပါ့မယ်။ ကျွန်တော်တို့ခုခံကာကွယ်နေတာက အဘရဲ့အလှူကို အနှောင့်အယှက် ဖြစ်အောင်မျိုး၊ ကြန့်ကြာအောင်မျိုး ဆွဲထားသလိုဖြစ်နေတယ်။ ကျွန်တော်တို့လည်း အကုသိုလ်ဖြစ်ပါတယ်။ အဲတော့ အဘရဲ့အလှူဒါနမြောက်အောင်။ ကျွန်တော်တို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကောင်းမှုဆိုတဲ့ ကမ္ဗည်းလေးထိုးပါရစေဗျာ။ အလံဖြူထောင်မယ့်အစား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကောင်းမှု ဆိုတာလေးကို တပ်ပြီးတော့ ကျွန်တော်တို့ဆုတ်ခွာပေးပါ့မယ်။ အဲလိုပြတ်ပြတ်သားသားမေး"ဟု ဦးဝီရသူက ရုပ်သံဖိုင်တွင် မိန့်ဆိုထားသည်။

အလားတူ စစ်ကောင်စီစစ်တိုင်းမှူးများကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က "အမှန်တကယ်စစ်တိုက်ချင်တာလား၊ စစ်အောင်ချင်တာလား" ဟု သေချာပြန်လည် မေးခွန်းထုတ်ဆန်းစစ်ရန် ထည့်သွင်းဟောကြားထားသည်။

"စစ်တိုင်းမှူးတွေကို ပြောချင်တယ်ဗျာ။ ခင်ဗျားတို့တတွေက ကိုယ့်မြို့မကျရေး ၊ ကိုယ့်တပ် မကျရေး ခုခံကာကွယ်တာကတော့ ဟုတ်ပါတယ်။ အသက်စွန့်ပြီးတော့ တိုင်းပြည်အတွက် ပေးဆပ်ချင်တဲ့စိတ်တွေနဲ့ ပေးဆပ်ဖို့ဝန်မလေးတဲ့လူတွေဆိုတာလည်း ကျုပ်က လက်ခံပါတယ်။ ဒါပေမယ့် ခင်ဗျားတို့သိထားရမှာက ခင်ဗျားတို့ရဲ့အဘက တကယ်စစ်တိုက်ချင်တာလား။ တကယ်စစ်အောင်ချင်တာလား။ တကယ်တပ်တွေမြို့တွေကို လုံခြုံစေချင်တာလား။ ခင်ဗျားတို့ ပြန်စဥ်းစားဦး။ ပြီးတော့ ခင်ဗျားတို့အဘကို ခင်ဗျားတို့သေချာမေး။ စစ်ရေးအခြေအနေကတော့ ဒီလိုရှိတယ်။ ကျွန်တော်တို့ပြန်တိုက်ရမှာလား။ မတိုက်ရဘူးလား။ ပြတ်ပြတ်သားသား အမိန့်ပေးပါလို့။ တိုက်ရမှာလို၊ မတိုက်ရမှာလိုလို မလုပ်ပါနဲ့လို့" ဟု ဦးဝီရသူက ဆိုသည်။

စစ်တိုင်းမှူးများအနေဖြင့် အမိန့်နာခံမှု၊ သစ္စာစောင့်သိမှု စသည့် စစ်စည်းကမ်းအတိုင်း တစ်သဝေမတိမ်းလျှောက်လုပ်နေ၍ ၄င်းတို့သာမက အောက်ခြေစစ်ကောင်စီတပ်သားများပါ သေကြေရပြီး မိသားစုများဘဝပျက်ကြရသည်ဟု ဦးဝီရသူက ဆိုသည်။

"တိုက်ရမယ်ဆိုလည်း ခင်ဗျားတို့လိုအပ်တာတွေအကုန်တောင်းဗျာ။ ရိက္ခာကို ဘယ်လိုပို့မလဲ။ စစ်ကူကို ဘယ်လိုပို့မလဲ။ ပစ်ကူကိုဘယ်လိုပေးမလဲ။ စစ်ရိပ်စစ်ငွေ့တွေ မသန်းခင်ကတည်းကိုက စစ်အင်အားကိုဘယ်လောက်ထိအောင်ဖြည့်ပေးမလဲ။ ခင်ဗျားတို့လိုချင်တာတွေတောင်း။ ခင်ဗျားတို့က အမိန့်နာခံမှု၊ သစ္စာစောင့်သိမှုဆိုတဲ့ စစ်စည်းကမ်းတွေနဲ့ အကုန်တစ်သဝေမသိမ်း လျှောက်လုပ်နေတာ။ အဲတော့ ခင်ဗျားတို့တင် မကဘူး။ ခင်ဗျားတို့ရဲ့လက်အောက်က စစ်သားတွေပါအကုန်သေကြရတာ။ စစ်သားတွေရဲ့ မိသားစုတွေပါအကုန်ဘဝပျက်ကြရတာ" ဟု ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တစ်ခုလုံး MNDAA နှင့်မဟာမိတ်တပ်များထံကျသွားပြီးနောက်ပိုင်း ဦးဝီရသူက ဗီဒီယိုရုပ်သံဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိဗ္ဗာန်အမြန်ရောက်ပါစေဟု တရားဟောထားခြင်းဖြစ်သည်။

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို မဟာမိတ်တပ်များက သြဂုတ် ၃ ရက်တွင် အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ ရမခတိုင်း စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့အပါအဝင် စစ်ကောင်စီအရာရှိတွေကို ကိုးကန့်တပ်မတော် (MNDAA) က ဖမ်းဆီးမိထားကြောင်း သိရှိရသည်။

 

ဓာတ်ပုံ - BBC

ဆက်စပ် သတင်းများ