ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မြန်မာနိုင်ငံ၌ စစ်ပွဲတွေဖြစ်ပွားနေသည်ကို တရုတ်က မတွေ့မြင်လိုဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၁၁/ ၂၀၂၄

မြန်မာနိုင်ငံ၌ စစ်ပွဲဖြစ်ပွားသည်ကို မိမိတို့ မတွေ့မြင်လိုကြောင်း၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် တတ်စွမ်းသမျှပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားလိုက်သည်။

ဩဂုတ်လ ၉ ရက်နေ့တွင်ကျင်းပသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မြန်မာ့အရေးနှင့်ပတ်သက်ပြီး AFP သတင်းဌာနမှ သတင်းထောက်က မေးမြန်းခဲ့မှုအပေါ် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ms. Mao Ning က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၄င်းက ဖြေကြားရာတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသအခြေအနေ ပြောင်းလဲလာမှုကို အမြဲတစေ များစွာ ဂရုပြုလျက်ရှိကြောင်း မြန်မာနိုင်ငံ၌ စစ်ပွဲဖြစ်ပွားသည်ကို မိမိတို့ မတွေ့မြင်လိုပါကြောင်း၊ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အခြေအနေဆောလျင်စွာ ပြန်လည်တည်ငြိမ်လာစေရန် မျှော်လင့်ပါကြောင်း၊ မိမိတို့သည် အမြဲတစေ မိမိတို့၏နည်းလမ်းဖြင့် မြန်မာနိုင်ငံဘက်အသီးသီးက အပစ်အခတ်ရပ်စဲရန် ဦးဆောင်ဖျောင်းဖျလျက်ရှိပြီး ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြဿနာကိုဖြေရှင်းကာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုကို ဆောလျင်စွာ ဖော်ဆောင်ရန် လုပ်ဆောင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာဆွေးနွေးရန် ဆက်လက် တက်တက်ကြွကြွတိုက်တွန်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တတ်စွမ်းသမျှပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၄င်းက ဖြေကြားခဲ့သည်။

AFP သတင်းဌာနမှ သတင်းထောက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူး ကိုယ်စားလှယ် Mr. Deng Xijun သည် ကြာသပတေးနေ့တွင် နေပြည်တော်သို့ ရောက်ရှိခဲ့သည်ဟု မြန်မာနိုင်ငံ အစိုးရမီဒီယာက သတင်းဖော်ပြခဲ့ပါကြောင်း၊  ယင်းမတိုင်မီတွင် မြန်မာနိုင်ငံ စစ်အစိုးရ၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကျရှုံးခဲ့သည်ဟု သိရှိခဲ့ရပါကြောင်း၊ တရုတ်နိုင်ငံဘက်က အဆိုပါခရီးစဉ်ကို အတည်ပြုနိုင်ပါသလား။ အခြားသတင်းအချက်အလက်များ ထပ်မံ ပြောကြား ပေးနိုင်ပါသလား။ ထို့ပြင် မူလကကြာသပတေးနေ့တွင် တရုတ်နိုင်ငံ၌ နောက်ထပ် တစ်ကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှု ကျင်းပ၍ မြန်မာနိုင်ငံ စစ်အစိုးရနှင့် “ညီနောင်မဟာမိတ်သုံးဖွဲ့” အား ညှိနှိုင်းပေးရန် စီစဉ်ထားသော်လည်း စစ်အစိုးရဘက်က တက်ရောက်ရန် လူမစေလွှတ်ဟု သိရှိရပါကြောင်း၊ တရုတ်နိုင်ငံဘက်က အဆိုပါကိစ္စကို အတည်ပြုပေးနိုင်ပါသလား"ဟု မေးမြန်းခဲ့သည်။

၎င်းမေးခွန်းများ အပေါ်  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ms. Mao Ning က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ Source/Chinese Embassy

ဆက်စပ် သတင်းများ