Preview

ဇလွန်ပြည်တော်ပြန်ဘုရားတွင် ရွှေချိန် ၁၂ ပိဿာကျော်ရှိ ရွှေစင်ရွှေသားအစစ် မျက်နှာကြက်တော်ကြီး တပ်ဆင်ပူဇော်

သြဂုတ် ၁၉/ ၂၀၂၄ | ကြည့်ရှုသူ :4857
ပြည်တွင်း သတင်း

မောင်စာဂ၊နိရဥ္စရာ၊ သြဂုတ် ၁၈/၂၀၂၄

ဧရာ၀တီတိုင်းဒေသကြီး၊ဇလွန်မြို့ရှိ မာရ်အောင်မြင်ပြည်တော်ပြန်သမိုင်းဝင် ရခိုင်ဘုရားကြီးတွင်ရွှေချိန် ၁၂ ပိဿာကျော်ရှိ ရွှေစင်ရွှေသားအစစ်မျက်နှာကြက်တော်ကြီးကို တပ်ဆင်ပူဇော်လိုက်ကြောင်း သိရသည်။

အဆိုပါရွှေသားမျက်နှာကြက်တော်ကြီးကို ပြည်တော်ပြန်ဘုရားကြီး ကိန်းဝပ်စံပယ်ရာဂန္ဓကုဋိတိုက်တော်ကြီးတွင် သြဂုတ်လ၁၅ရက်၊ နေ့လယ် ၁ နာရီခန့်က ကပ်လှူ ပူဇော်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"မျက်နှာကြက်တော်ကြီးကို ရွှေချိန်ရွှေသား ပမာဏ စုစု ပေါင်း ၁၂ပိဿာ၊ ၅၁ ကျပ်၊ ၁၁ ပဲ၊ ၅ ရွေးနဲ့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။အရွယ်အစားက တော့ အချင်း ၁၀ ပေ ရှိပါတယ်။ လုပ်ငန်းဆောင်ရွက်ချိန် ၂ လနဲ့ ၁၀ ရက် ကြာ မြင့်ခဲ့ပါ တယ်"ဟု စစ်ကိုင်းမြို့မှ လာရောက် ဆောင်ရွက်ခဲ့သည့်သုခချမ်းသာ ရွှေငွေပန်းတိမ်မြန်မာမှုအဖွဲ့၊အဖွဲ့ခေါင်းဆောင် ဦးဇော်လွင်ဦး၏ ပြောဆိုချက်ကိုကိုးကားပြီးEleven က ဖော်ပြသည်။



အများပြည်သူတို့စုပေါင်းကုသိုလ်တော်ဖြင့် ယခုကဲ့သို့ကပ်လှူပူဇော်ခြင်းဖြစ်ကြောင်းလည်း ဆိုထားသည်။

ကြေးဆင်းတုဖြစ်သည့် မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားသည် ဧရာ၀တီတိုင်း ဒေသကြီး၊ဟင်္သာတခရိုင်၊ ဇလွန်မြို့ရှိ ဂန္ဓကုဋိတိုက်တွင် စံပယ်တော်မူလျက်ရှိသည်။

ဘုရားကြီး၏ အလေးချိန်မှာ ကြေးပိဿာချိန်၆၆၆ ပိဿာနှင့် ၆ ကျပ်သား အလေးချိန်ရှိပြီး ဉာဏ်တော်အမြင့်မှာ ၃ ပေနှင့် ၁၀လက်မရှိသည်ဟုလည်း သိရသည်။

၇ခိုင်တို့၏ဓည၀တီခေတ် ရခိုင်ပြည့်ရှင်ဘုရင်စန္ဒသူရိယမင်း၏ ပင့်လျှောက်ချက်အရ မဟာသက္ကရာဇ် (၁၂၃) ခုနှစ်တွင် မြတ်စွာဘုရားရှင် ဓည၀တီရခိုင်ပြည်သို့ ကြွရောက်လာခဲ့သည်ဟုသမိုင်းမှတ်တမ်းများအရသိရသည်။

ယင်းသို့ကြွရောက်လာပြီးနောက်ဓည၀တီ ရခိုင်ပြည်မှမြတ်စွာဘုရားရှင် ပြန်လည်ကြွချီမည် ပြုစဥ် ဘုရင် စန္ဒသူရိယမင်း၏တောင်းပန်လျှောက်ထားချက်အရ ဘုရားရှင်၏ကိုယ်စားတော် မဟာမုနိရုပ်ပွားတော်မြတ်ကိုပုံတူကိုသွန်းလုပ်ခဲ့ကြသည်။

ယင်းသို့သွန်းလုပ်ပြီးကြွင်းကျန်သော ကြေး၊ငွေ၊ ရွှေရတနာတို့ဖြင့် ရှင်ကျော်မုနိ၊ ရွှေဘုံသာမုနိနှင့် မာရ်အောင်မြင်မုနိဟူသောရုပ်ပွားတော်ငယ်သုံးဆူကို ပြုလုပ်ခဲ့သည်။
မဟာမုနိဘုရားနှင့်ရုပ်ပွားတော်ငယ် သုံးဆူစုစုပေါင်း ရုပ်ပွားတော်လေးဆူအား စန္ဒသူရိယဘုရင်မှစတင်ကာ မင်းအဆင်ဆက် ကိုးကွယ်ပူဇော်လာခဲ့ကြသည်။

သက္ကရာဇ်၁၁၄၆ ခုနှစ်တွင် ဓည၀တီရခိုင်ပြည်ကို ဗမာဘုရင် ဘိုးတော်ဘုရား၏သားတော်သီဟသူကလာရောက်တိုက်ခိုက်သိမ်းပိုက်စဥ် မဟာမုနိရုပ်ပွားတော်နှင့်အတူမာရ်အောင်မြင် ဘုရားဆင်းတုတော်တို့ကိုလည်းမန္တလေးသို့ ပင့်ဆောင်ပြီးကိုးကွယ်ပူဇော်ခဲ့ကြသည်။

ယင်းသို့မင်းအဆက်ဆက်ကိုးကွယ်ပူဇော်ခဲ့ရာ ပုဂံမင်းလက်ထက်ရောက်သောအခါ ဇလွန်မြို့သူကြီး ဦးရွှေပွင့်သည်မာရ်အောင်မြင် ဆုတောင်းပြည့် ရုပ်ပွားတော်အားဦးခိုက်ပူဇော်ခွင့်ကြုံခဲ့သည်။



အလွန်ကြည်ညိုသဒ္ဓါစိတ်ဖြစ်ပေါ်ပြီး မြို့သူမြို့သားတို့အားဖူးမြော်ပူဇော်စေလို၍ အစ်မဝမ်းကွဲတော်စပ်သူ ပုဂံမင်း၏မိဖုရားသီရိတိလောကထံမှ ခေတ္တခဏပူဇော်ခွင့်ပြုရန် ခွင့်တောင်းပြီး ရုပ်ပွားတော်အား ဇလွန်မြို့သို့ပင့်ဆောင်လာခဲ့သည်။

ရုပ်ပွားတော်အားဧရာ၀တီမြစ်ကြောင်းမှ တဆင့်ရွက်လွှင့်လှေဖြစ် ပင့်ဆောင်လာခဲ့ရာ ၁၂၁၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက်တွင်ဇလွန်သို့ဆိုက်ရောက်တော်မူ၏။

၁၂၁ရခုနှစ်တွင် အင်္ဂလိပ်စစ်ဗိုလ် ဂျွန်ဆင်က မာရ်အောင်မြင်ဘုရားအပါအဝင်ကြေးဆင်းတုတော်အမျိုးမျိုးကို သိမ်းယူကာ အရည်ဖျော်ကာ ဗုံးဆံ၊ အမြှောက်ဆံ၊ကြေးပြားပိုက်ဆံများပြုလုပ်ရန် သင်္ဘောဖြင့် အိန္ဒိယသို့တင်ဆောင်ယူငင် သွားခဲ့သည်။

သို့သော်မာရ်အောင်မြင်ဘုရားသည် ဖိုလေးလုံးဆိုင်ကာကျိုသော်လည်း အရည်မပျော်၊ အလုပ်သမားတို့က သံတူအစရှိသည်တို့ဖြင့်နှက်သော်လည်း အရာမယွင်းဘဲ ရုပ်ပွားတော် ဖျက်ဆီးသူများသည်သွေးအန်၍ ဝမ်းလျှောကာ သေဆုံးခဲ့ရသည်ဟုသမိုင်းမှတ်တမ်းများတွင်ဖော်ပြချက်အရ သိရသည်။

ယင်းနောက်အဆိုပါဆင်းတုတော်မှာ အင်္ဂလိပ်တို့မှ မြန်မာပြည်သို့ပြန်ပို့လိုက်ပြီး  ရေမြေရပ်ခြား တိုင်းတပါးမှ ဇလွန်မြို့သို့ ပြန်ရောက်ရှိလာရာမိမိကိန်းဝပ်စံပယ်တော်မူရာနေရင်းဒေသသို့ ပြန်လည် ရောက်ရှိလာသည်ကို အစွဲပြု၍ မာရ်အောင်မြင်ဘွဲ့မှပြည်တော်ပြန် မြတ်စွာဘုရားဟု ယနေ့ထက်တိုင် တန်ခိုးထင်ရှားနေခြင်း ဖြစ်သည်။

မာရ်အောင်မြင်ဘုရား၏ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို တပေါင်းလဆန်း (၉)ရက်မှ လပြည့်အထိ ခုနှစ်ရက်တိုင်တိုင်ကျင်းပလေ့ရှိကြောင်း သိ၇သည်။

ရခိုင်တို့ ထီးနန်းကျပြီးနောက် ဗမာဘုရင်က ရခိုင်ပြည်မှ တန်ခိုးကြီးဘုရားအများအပြားကို ပင့်ဆောင်သွားခဲ့ရာ ထိုအထဲတွင် မန္တလေးမဟာမုနိ၊ ပြည်တစ်ဖက်ကမ်းရှိရွှေဘုံသာမုနိ၊ ဇလွန်ရှိ ပြည်တော်ပြန်ဘုရားများပါဝင်သည်။

ဓာတ်ပုံ-Eleven

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.