စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

AA ကို ARSAနှင့် စစ်တပ်ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဘူးသီးတောင်တပ်ရင်းမှူးဟောင်းဝန်ခံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.7k

မောင်စာဂ၊ နိရဥ္စရာ၊ သြဂုတ် ၂၄/၂၀၂၄

အာရက္ခတပ်တော်(AA)ကို စစ်ကောင်စီက ARSA လက်နက်ကိုင်အဖွဲ့နှင့် ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု စစ်ကောင်စီ၏ ဘူးသီးတောင်တပ်ရင်းမှူးဟောင်း ဗိုလ်မှူးလှိုင်ဝင်းထွန်းက ဝန်ခံပြောဆိုလိုက်သည်။

ပြည်ပသတင်းဌာနတစ်ခုဖြစ်သော THE DIPLOMAT နှင့် ဇွန်လ ၂၄ ရက်က ဘူးသီးတောင် မြို့တွင် တွေ့ဆုံရာ၌ ယခုကဲ့သို့ ဝန်ခံပြောဆိုလိုက်ခြင်းဖြစ်သည်။

ဘူးသီးတောင်အခြေစိုက် တပ်ရင်းမှူးဟောင်း ဗိုလ်မှူးလှိုင်ဝင်းထွန်းသည် AA ထံ ပြီးခဲ့သည့် မေလ ၁၇ ရက်တွင် လက်နက်ချ အညံ့ခံထားသူဖြစ်သည်။

စစ်ကောင်စီနှင့် ARSA တို့ပူးပေါင်းပြီး ဘူးသီးတောင်မြို့နယ်၌ မွတ်ဆလင် ၇၅၀ ဦးအား စစ်သင်တန်းပေး၍ စစ်ရေးလှုပ်ရှားခြင်းနှင့် တိုက်ပွဲဝင်တိုက်ခိုက်ခဲ့ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သူက THE DIPLOMAT ကိုပြောသည်။

“ပြီးတော့မှ ဒီလူတွေကို ဘူးသီးတောင်ပတ်ချာလည် နေရာတွေမှာ အင်အားတွေ လိုက်ဖြည့်ပြီးတော့မှ စစ်ရေးအရ တိုက်ပွဲအတွင်းကို စေခိုင်းတာ” ဟု ပြောသည်။ 

ဘူးသီးတောင်မြို့ရှိ အများပြည်သူ နေအိမ်များအား မီးရှို့ဖျက်ဆီးရန် စစ်ကောင်စီနှင့် သင်တန်းဆင်း မွတ်ဆလင် လက်နက်ကိုင်များအား စစ်ကောင်စီအရာရှိ တင်မိုးအောင်နှင့် စရဖ ဗိုလ်ကြီး ခိုင်မင်းဇော်တို့က စေခိုင်းခဲ့သည်ဟုလည်း THE DIPLOMAT ကို ထုတ်ဖော် ပြောဆိုသည်။'




“ဘူးသီးတောင်မြို့ပေါ်မှာ လုံခြုံရေးတာဝန်ကျနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ သင်တန်းပေးထားတဲ့ တပ်သားတွေနဲ့ ပေါင်းပြီးတော့မှ ရခိုင်လူမျိုးတွေ နေအိမ်တွေကို မီးရှို့စေခိုင်းခဲ့တယ်” ဟု ပြောသည်။ 

နေအိမ်များအား မီးရှို့ဖျက်ဆီးရာတွင် ရခိုင်နှင့် မွတ်ဆလင်နေအိမ်အချို့ ပူးကပ်နေခြင်းကြောင့် ရခိုင်နေအိမ်များအား မီးရှို့ပါက မွတ်ဆလင် နေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းမည်ကို စိုးရိမ်၍ ဖြိုချဖျက်ဆီးခဲ့ကြရကြောင်းလည်း ပြောသည်။

ယင်းအပြင် စစ်သင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့ရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေချိန် နေအိမ်များမှ ပစ္စည်းများအား ယူဆောင်ခဲ့ကြသည်ဟုလည်း သူက ဆက်ပြောသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲအတွင်း မီးရှို့ ဖျက်ဆီးခံရသည့်နေအိမ် ၂၈၇၂ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၂ ကျောင်း၊ ဗလီတစ်လုံး၊ ဟိန္ဒူဘုရားကျောင်း ၂ ကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်း ပျက်စီး ဆုံးရှုံးခဲ့သည်ဟု ဗွီအိုအေ (မြန်မာပိုင်းအစီအစဉ်)ကို ဇွန်လ ၃ ရက်က ပြောဆိုခဲ့သည်။

မီးရှို့ဖျက်ဆီးခံရသည့်နေအိမ်များတွင် ရခိုင်နှင့် အခြားမျိုးနွယ်စုများ၏ နေအိမ် ၂၃၂၂ လုံးနှင့် မွတ်ဆလင်များ၏ နေအိမ် ၅၅၀ လုံးပါဝင်သည်ဟုလည်း ဆိုသည်။


ဗိုလ်ချုပ် ထွန်းမြတ်နိုင်က“ဒီမီးလောင်အိမ်တွေအရေအတွက်ကိုကြည့်မယ်ဆိုရင်တောင်မှ ဒီ (ဧပြီ) ၁၇ ရက်နေ့မတိုင်ခင် ဘူးသီးတောင်မြို့နယ်မှာ မီးလောင်သွားတဲ့အိမ်တွေက ဒီမွတ်ဆလင် မဟုတ်တဲ့ အိမ်တွေပေါ့။ အိမ်ပေါင်း ကျွန်တော်တို့ မှတ်တမ်းအရဆိုရင် ၁၇ ရက်နေ့မတိုင်ခင် ၂၃၂၂ လုံးက မီးရှို့ခံလိုက်ရပြီ။ အဲဒီမှာ အများဆုံးက Non- Muslim (မူဆလင်မဟုတ်သူတွေ) အိမ်တွေရဲ့ အဆောက်အအုံတွေပဲ။ မွတ်ဆလင်အိမ်တွေပါသွားတာက ဒီအိမ်တွေကို မီးရှို့တဲ့အချိန်မှာ ဟိုဘက်ကို လေတိုက်ပြီးတော့ မီးကူးသွားတာတွေ အများကြီး ရှိတယ်။ ဒီ ၁၇ ရက်နေ့နဲ့  ဒီဒေသကို နောက်ဆုံးထိုးစစ် သိမ်းပိုက်တဲ့ အချိန်မှာကျတော့ ဒီတိုက်ပွဲတွေကြားမှာ မီးလောင်သွားတာက အိမ်အလုံး ၅၅ဝ ပဲရှိတယ်။ ဟိုရှေ့က လောင်သွားပိုများတယ်”ဟု ပြောသည်။  

လက်ရှိတွင် ပြည်ပရောက် မွတ်ဆလင်အရေးလှုပ်ရှားသူများ ဘူးသီးတောင်မြို့ရှိနေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်းအား AA လက်ချက်ဟု စွပ်စွဲ ပြောဆိုနေကြသည်။

ယင်းစွပ်စွဲချက်မှာ အခြေအမြစ်မရှိသည့်စွပ်စွဲချက်ဖြစ်သည်ဟုလည်း AA ပြောခွင့်ရသူ ဦးခိုင်သုခက နိရဥ္စရာကို ပြောဆိုထားသည်။

ဘူးသီးတောင်မြို့ကို AA က မတ်လ ၂၅ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး မေလ ၁၈ ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိ ပြင်းထန်နေသည့်မောင်တောတိုက်ပွဲတွင်လည်း စစ်ကောင်စီသည် ARSA အပါအဝင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ARA၊ RSO နှင့် စစ်သင်တန်းဆင်း မွတ်ဆလင်များနှင့် ပူးပေါင်းကာ AA ထိုးစစ်အား အပြင်းအထန်ခုခံလျက်ရှိသည်ဟု AA နှင့် ဒေသခံများ​က ပြောဆိုထားသည်။ 

 

ဓာတ်ပုံ - မီးရှို့ဖျက်ဆီးခံလိုက်ရသည့် ဘူးသီးတောင်ရှိနေအိမ်များအား ဝေဟင်မှတွေ့ရစဥ်။ (Photo - AA)

ဆက်စပ် သတင်းများ