ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဧရာဝတီတိုင်းမှ ဂွမြို့နယ်အတွင်းသို့ ဆေးဝါးများသယ်ယူခွင့် စစ်ကောင်စီ တင်းတင်းကျပ်ကျပ် တားမြစ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 876

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ သြဂုတ် ၂၄ / ၂၀၂၄

ဧရာဝတီတိုင်းမှ ဂွမြို့နယ်သို့ ဆေးဝါးတင်သွင်းခွင့်ကို စစ်ကောင်စီတပ်နှင့် စစ်ဆေးရေး ဂိတ်များအား ယခင်က နားလည်မှုဖြင့် ငွေကြေးပေး၍ တင်သွင်းခွင့် ရခဲ့သော်လည်း ယခု နောက်ပိုင်းတွင် တင်းတင်းကျပ်ကျပ် တားမြစ်ပိတ်ပင်နေသည်ဟု ဒေသခံများက ပြောသည်။ 

ဂွမြို့မှ အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက "အရင်တုန်းကတော့ ရေကြည်ကနေ ဂွသို့သယ်ယူခွင့်ရတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်ရဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို အခွန်ဆောင်သလိုမျိုး သယ်ယူခပေးရတယ်။ ဂွမြို့နယ်မှာ တိုက်ပွဲစတင်ကတည်းက အခုထိသယ်ယူခွင့်မရတော့ဘူး" ဟု ၎င်းက ပြောသည်။

အဆိုပါဆေးဝါးများကို သြဂုတ်လအစပိုင်းမှစတင်ကာ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ရေကြည်မြို့နယ်ရှိ အဝင်အထွက် စစ်ဆေးရေးဂိတ်များက တင်းတင်းကျပ်ကျပ်စစ်ဆေးကာ ကန့်သတ်ပိတ်ပင်ထားခြင်း ဖြစ်သည်ဟု ပြောသည်။

ယခုကဲ့သို့ ပြည်သူများ မရှိမဖြစ် နေ့စဉ်အသုံးပြုနေသည့် အိမ်သုံးဆေးဝါးများမှ အစ  သယ်ယူခွင့်ကို ပိတ်ပင်လိုက်သဖြင့် ဒေသခံများအနေဖြင့် များမကြာမီ ဆေးဝါးပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်သည်ဟု ဆိုသည်။

ယခုနှစ် ဇူလိုင်လမှစတင်ကာ ဧရာဝတီမှ ဂွမြို့နယ်သို့ သယ်ယူမည့် ငွေလွှဲ ငွေထုတ်လုပ် လုပ်ငန်းတွင် ငွေကြေးများနှင့် စားသောက်ကုန်ပစ္စည်းများကို စစ်ကောင်စီက တင်းကျပ် ပိတ်ပင်နေရာမှ ယခုတဖန် ဆေးဝါးများကိုပါ ထပ်မံ ပိတ်ပင် တားမြစ်လာနေခြင်းဖြစ်သည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲစတင်ဖြစ်ပွားသည့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံတွင် မည်သည့် ဒေသကိုမှ တားမြစ်ပြုလုပ်ခြင်း မရှိသော ဆေးဝါး အပါအဝင် စားသတရားဝငစားသုံးကုန်ပစ္စည်းများ တင်သွင်းခြင်းကို ရခိုင်တွင် ကန့်သတ် ပိတ်ပင်ထားသည်။

ထိုသို့ကန့်သတ်ပိတ်ပင်ထားသည့်အတွက် ရခိုင်မှဒေသခံပြည်သူများမှာ ဆေးဝါး ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရပြီး ကျန်းမာရေးအတွက်လိုအပ်သည့်ဆေးဝါးများကို အခကြေးငွေအဆမတန်ပေးချေကာ ဝယ်ယူသုံးစွဲနေရကြောင်း သိရသည်။

ထို့အတူ ရခိုင်မှ ဆေးဝါးရောင်းချသူများနှင့် ဆေးကုန်သည်များသည်လည်း ဆေးဝါး သယ်ယူခွင့် ပိတ်ပင်ထားသည့်ကြားများမှ အခက်အခဲမျိုးစုံနှင့် ရသည့်နည်းလမ်းဖြင့် ဆေးဝါးများကို မှောင်ခိုသယ်ယူ ရောင်းချနေကြရသည်။

ဓာတ်ပုံ - ဂွမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဥ်။

ဆက်စပ် သတင်းများ