စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

သီပေါမြို့တွင် စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးအလုံး(၅၀)ကျော် ကြဲချ၍ ဒေသခံ(၂)ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 903

လူထက်နိုင်(ဒွါရာမြီ)၊ နိရဥ္စရာ၊ သြဂုတ် ၂၇ / ၂၀၂၄

တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား(၂)ဦး သေဆုံးခဲ့ပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သြဂုတ်လ ၂၇ ရက်တွင် ပလောင်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှထုတ်ပြန်ထားသည်။

သြဂုတ်လ (၂၇)ရက်နေ့ နံနက်  ည ၁ နာရီ ၂၀ မိနစ်မှ ၂ နာရီကျော်အချိန်ထိ စစ်ကောင်စီတပ်မှ ပြည်သူလူထုများ အိပ်မောကျချိန်တွင် Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၅၀)ကျော် လာရောက် ကြဲချ တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


ထိုအပြင် ဂျက်ဖိုက်တာဖြင့်လည်း(၂)ကြိမ် လာရောက်ပြီး ဗုံး(၄)လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုကဲ့သို ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြို အုတ်ကျင်းရပ်ကွက်ရှိ  အသက် (၆၀)အရွယ် ဦးဖိုးလူနှင့် အသက်(၅၀)အရွယ် ဦးအောင်နိုင်တို (၂)ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ အုတ်ကျင်းရပ်ကွက်ရှိ အ.မ.က(၃) စာသင်ကျောင်း(၁)ကျောင်း၊ အမှတ်(၃) အ.ထ.က စာသင်ကျောင်း (၁)ကျောင်းနှင့် ပန်းတိမ်တောင်(မြောက်) ရပ်ကွက်အတွင်း ဗုံးများကျရောက် ပေါက်ကွဲခဲ့ပြီး စာသင်ကျောင်းများနှင့် နေအိမ်များ ထိမှန်ပျက်စီးခဲ့သည်။

ဩဂုတ်လ (၁)ရက်နေ့မှ  သြဂုတ်လ (၂၇)ရက်နေ့ထိ သီပေါမြိုအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၂၁)ဦး သေဆုံးခဲ့ပြီး ကလေးငယ်(၁၀)ဦးအပါအဝင် (၅၉)နီးပါး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း PSLF/TNLA မှထုတ်ပြန်ထား သည်။

ဆက်စပ် သတင်းများ