မောင်စာဂ၊နိရဥ္စရာ၊ ဩဂုတ် ၂၈/ ၂၀၂၄
မကွေးတိုင်း၊ငဖဲမြို့နယ်ရှိ မင်းဘူး- အမ်းကားလမ်းမပေါ်တွင် စစ်ကောင်စီတပ်နှင့်ချင်းတော်လှန်ရေး ပူးပေါင်းတပ်တို့
ဩဂုတ်လ၁၉ ရက်၊ နံနက် ၁၁ နာရီခွဲခန့်ကမင်းဘူး- အမ်းကားလမ်းမပေါ်ရှိ တုံးကြီးကျေးရွာ အနီး လက်ဖက်ခြံစခန်းကုန်းပေါ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်သည် လင်းတဲကျေးရွာ ဘက်သို့အင်အား ၂၀ ခန့်ဖြင့် ကင်းရှည်ထွက်လာစဉ် အရှိုချင်းကာကွယ်ရေးတပ်(ACDF) အပါအဝင်တော်လှန်ရေးပူးပေါင်းတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ACDF က သြဂုတ် ၂၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီဘက်ကထိခိုက်ဒဏ်ရာ ရရှိသူအချို့နှင့် တပ်ဖွဲ့ဝင်အများအပြား တပ်ဆုတ်သွားသည်ဟုလည်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီထံမှMA3 အမျိုးအစားသေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ပြီး မဟာမိတ် ပူးပေါင်းတပ်မှထိခိုက်မှုမရှိခဲ့ဟု ဆိုထားသည်။
အဆိုပါတိုက်ပွဲကိုACDF အပါအဝင် New Society Army (NSA) နှင့် People Independent Army (PIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ်သည်ငဖဲမြို့နယ်၊ အရှိုချင်းကျေးရွာတောင်ပေါ် ဆယ်အုပ်စုအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများဖြစ်သောဆိုင်ကယ်များအား လက်နက်အားကိုးဖြင့်လုယူခြင်း၊ပြည်သူပိုင် ဥယျာဉ်ခြံအတွင်း သီးနှံများ ခိုးယူစားသုံးခြင်း၊ ပြည်သူများကို ခြိမ်းခြောက်ခြင်းများမကြာခဏ လုပ်ဆောင်နေကြောင်း ACDF ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ACDF သည် မကွေးတိုင်းဒေသကြီး၊ဧရာ၀တီမြစ်အနောက်ခြမ်းရှိ မကွေး - ရခိုင်အစပ်၊ ငဖဲမြို့နယ်တွင်စစ်ရေးလှုပ်ရှားလျက်ရှိသည်ဟု သိရသည်။
ချင်းပြည်နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများ၊မြို့သိမ်းတိုက်ပွဲများတွင် ချင်းပြည်ကောင်စီ လက်အောက်ခံချင်းတော်လှန်ရေးတပ်များနှင့် လက်တွဲကာ စစ်ကောင်စီကို တိုက်ခိုက်လျက် ရှိသည်ဟုလည်းသိ၇သည်။
ဓာတ်ပုံ- ACDF