စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

ရန်ကုန် တာမွေရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရ၍ ရဲ ၃ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

မောင်စာဂ၊ နိရဥ္စရာ၊ သြဂုတ် ၂၉/၂၀၂၄

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဗညားဒလလမ်းပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရ၍ ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးသွားကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ် ၂၈ ရက်၊ နေ့လယ်တွင် Anonymous Force (ရန်ကုန်စစ်ဒေသခွဲ PRF)က ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့တော်လှန်ရေးအင်အားစုက ယမန်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

"စစ်ကောင်စီ၏ အကျိုးစီးပွားကာကွယ်ကာ ပြည်သူကို နှိပ်စက်ဖိနှိပ်လျက်ရှိသောကြောင့် အဆိုပါ တာမွေမြို့နယ်ရဲစခန်းကို (၁၄း၄၀)ခန့်တွင် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ အသုံးတော်ခံ အကြမ်းဖက်ရဲတပ်ဖွဲ့ဝင် (၃) ဦးသေဆုံးကြောင်း မြေပြင်ထောက်လှမ်းမှုများအရ သိရှိရသည်"ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါဗုံးခွဲတိုက်ခိုက်မှုတွင် တော်လှန်ရေး အဖွဲ့ဝင်များ တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်းမရှိဘဲ ဘေးကင်းစွာဖြင့် ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၆ ရက်ကလည်း ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(မခရ - ၄၃၅ ၊ ၄၃၆) တပ်ရင်းကို Operation Flame (OF)အဖွဲ့က အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ - People's Spring

ဆက်စပ် သတင်းများ