အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်ကောင်စီက ATR လေယာဉ်များအား အရပ်သားများကို အကြမ်းဖက်တိုက်ခိုက်ရာတွင် ဆက်လက် အသုံးမပြုနိုင်အောင် နိုင်ငံတကာမှ အရေးယူရန် JFM တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.6k

နိရဉ္စရာ၊ ဩဂုတ် ၂၉/ ၂၀၂၄


အရပ်ဘက်သုံး ATR လေယာဉ်များအား စစ်ကောင်စီက အသုံးပြုပြီး ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်နေသဖြင့် ၎င်းလေယာဉ်များကို ဆက်လက် အသုံးမပြုနိုင်အောင် နိုင်ငံတကာက အရေးယူပေးရန်  JFM ကတောင်းဆိုလိုက်သည်။


ATR လေယာဉ်များအား မြန်မာစစ်အုပ်စုအသုံးပြုနိုင်ရေး ကူညီပေးနေသည့် ကမ္ဘာတဝန်းရှိ ကုမ္ပဏီကွန်ရက်ကို JFM ကဖော်ထုတ်ခဲ့ကြောင်း၊ မြန်မာစစ်အုပ်စုက ကလေးငယ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ ရပ်ရွာတွေအပေါ် အကြမ်းဖက်တိုက်ခိုက်ရာမှာ အားကိုးအားထားပြုနေသည့် ဆယ်စီးထက်မနည်းရှိသည့် ATR လေယာဉ်တွေကို ဆက်လက် အသုံးမပြုနိုင်အောင် အရေးယူဖို့ အရေးတကြီး လိုအပ်နေကြောင်း JFM ၏ ယနေ့တွင် ထုတ်ပြန်သည့်သတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။


၂၀၁၃ ခုနှစ်မှစ၍ ပြင်သစ်နိုင်ငံထုတ် Avions de Transport Regional (ATR) လေယာဉ် အနည်းဆုံး ဆယ်စီးအား မြန်မာစစ်အုပ်စု ဝယ်ယူအသုံးပြုနိုင်ရန် ကူညီပေးခဲ့ကြသည့် ကမ္ဘာတဝန်းမှ ကုမ္ပဏီများပါဝင်သော ကွန်ရက်တစ်ခုကို Justice For Myanmar (JFM) က ဖော်ထုတ်လိုက်ခဲ့ခြင်းဖြစ်သည်။

 

၎င်းလေယာဉ်များမှာ ခရီးသွားလာသူ ပြည်သူများအတွက် ရည်ရွယ်ထုတ်လုပ်သည့် လေယာဉ်ဖြစ်သော်လည်း စစ်အုပ်စုသည် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ရာတွင် ၎င်းတို့အသုံးပြုသည့် စစ်သည်များနှင့် စစ်လက်နက်များကို သယ်ဆောင်ရာတွင်လည်းကောင်း၊ ဝေဟင်ထောက်လှမ်းရေးနှင့် ကင်းထောက်လုပ်ငန်းများအတွက်လည်းကောင်း အဆိုပါလေယာဉ်များကို အသုံးပြုနေသည်ဟု ဖော်ပြထားသည်။ 

 

နိုင်ငံတကာကုမ္ပဏီများ၊ ပုဂ္ဂလိကစစ်လက်နက်ပွဲစားများနှင့် စီးပွားရေးလေကြောင်းလိုင်းများသည် မြန်မာစစ်အုပ်စုထံ ATR လေယာဉ်များ လွှဲပြောင်းရောင်းချခဲ့ကြောင်းနှင့် ရောင်းချမှုအချို့တွင် ဒဏ်ခတ်ပိတ်ဆို့ မှုများကို ရှောင်လွှဲရန်ကြိုးပမ်းသည့်အနေဖြင့် နောက်ဆုံးလက်ဝယ်အသုံးပြုသူအား ဖုံးကွယ်ပေးထားမှုများ ရှိနေကြောင်း Justice For Myanmar ၏ သုတေသနလေ့လာမှုအတွင်းတွင် ဖော်ထုတ်ထားသည်။


မြန်မာနှင့် နိုင်ငံတကာကုမ္ပဏီများသည် လေယာဉ်အပိုပစ္စည်းများ ဝယ်ယူပေးခြင်း၊ ပြုပြင်ထိန်း သိမ်းရေးဝန်ဆောင်မှုများ ပေးအပ်ခြင်းဖြင့်လည်း စစ်အုပ်စုကို ကူညီခဲ့သည်။

 

 ပြင်သစ်နိုင်ငံရှိ ATR နှင့် Sabena Technics၊ ဩစတြီးယားနိုင်ငံရှိ Axis Flight Simulation Systems တို့အပါအဝင် ဥရောပသမဂ္ဂအတွင်းရှိ ကုမ္ပဏီများသည် လေယာဉ်၏အဓိကအစိတ်အပိုင်းများ ပြုပြင်ပေးခြင်း၊ အရေးပါသည့် စက်ပစ္စည်းအစိတ်အပိုင်းများနှင့် အပိုပစ္စည်းများ ရောင်းချပေးခြင်း၊ ATR လေယာဉ်များ မောင်းနှင်နိုင်ရန် မြန်မာစစ်ကောင်စီလေတပ်မှ လေသူရဲများအား သင်တန်းပေးခြင်းတို့ဖြင့် စစ်အုပ်စုက ATR လေယာဉ်များကို ဆက်လက်အသုံးပြုနေနိုင်အောင် ကူညီပေးခဲ့သည်။

 

မြန်မာနိုင်ငံအပေါ် အီးယူ၏ ကန့်သတ်ပိတ်ဆို့အရေးယူမှုများ ချမှတ်အသက်ဝင်ပြီး၊ ပိုမိုအားကောင်း လာသည့် အချိန်ပိုင်းဖြစ်သော ၂၀၁၈ ခုနှစ်အတွင်း အဆိုပါရောင်းချမှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

 

စင်ကာပူနိုင်ငံအတွင်းရှိ ကုမ္ပဏီများသည် စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းတွင်လည်း အရေးပါသည့် စက်ပစ္စည်းများနှင့် အပိုပစ္စည်းများ ရောင်းချပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် ATR လေယာဉ်များ ဆက်လက်အသုံးပြုနိုင်အောင် ကူညီခဲ့သည်။

 

ခရိုနီကုမ္ပဏီ 24 Hour Group ပိုင်ဆိုင်သည့် Air KBZ (ယခု Mingalar Aviation) သည် စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုမတိုင်မီ စစ်ကောင်စီလေတပ်အတွက် ATR လေယာဉ်နှစ်စီး ဝယ်ယူ လွှဲပြောင်းရာတွင်လည်းကောင်း၊ စစ်လက်နက်ပွဲစားကုမ္ပဏီ International Gateways Group သည် ဗီယက်နမ် လေကြောင်းလိုင်းများမှ နောက်ထပ် ATR လေယာဉ် နှစ်စီးဝယ်ယူရာတွင် ၎င်း၏အမည်ကို အသုံးပြုဝယ်ယူစေခဲ့ရာတွင် လည်းကောင်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

 

 Air KBZ သည် အရပ်ဘက်လေကြောင်းပြေးဆွဲရန်အတွက် အနည်းဆုံး ATR လေယာဉ်နှစ်စီးကို စစ်အုပ်စုထံမှ ငှားရမ်းအသုံးပြုခဲ့ပြီး၊ စစ်အုပ်စုအတွက် ဝင်ငွေအရင်းအမြစ်တစ်ခု ပေးအပ်ခဲ့သည်။

 

စစ်အုပ်စုဆက်နွယ်ခရိုနီစီးပွားရေးလုပ်ငန်းစု KT Group သည် စစ်တပ်အတွက် ATR လေယာဉ်နှစ်စီး ဝယ်ယူရာတွင် ၎င်းတို့၏ British Virgin Islands ကုမ္ပဏီခွဲ MWG Limited မှတဆင့် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့သည်။

 

အခြား ATR လေယာဉ်များကို ခရိုနီစီးပွားရေးလုပ်ငန်းစု ထူးကုမ္ပဏီအုပ်စုက ဝယ်ယူပေးခဲ့ခြင်း ဖြစ်ပြီး၊ ထူးကုမ္ပဏီအုပ်စုသည် လေတပ်၏ အနည်းဆုံး ATR လေယာဉ် ၆ စီး အတွက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးလျက်ရှိသည်။


မြန်မာ့လေတပ်နှင့် ယင်း၏ပွဲစားများက အပိုပစ္စည်းများနှင့် လဲလှယ်ရမည့် စက်ပစ္စည်း အစိတ်အပိုင်းများ ဝယ်ယူရရှိနေမှု၊ လေယာဉ်အမှုထမ်းနှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းများ ရရှိနေမှု၊ လေတပ်၏ ATR လေယာဉ်များ ဆက်လက်ပျံသန်းနိုင်ရေးအတွက် လိုအပ်သည့် ညွှန်ကြားချက်များ ရရှိနေမှုတို့ကို အရေးတကြီး ပိတ်ပင်ရန် အစိုးရများကို Justice For Myanmar က တောင်းဆိုသည်။

 

 24 Hour Group၊ KT Group၊ Gateway Group နှင့် Htoo Group တို့အပါအဝင် စစ်တပ်၏ ATR လေယာဥ်အုပ်အတွက် ပံ့ပိုးကူညီနေသည့် မြန်မာကုမ္ပဏီအားလုံးအပေါ် ပစ်မှတ်ထား၊ စုပေါင်း ချမှတ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးချဲ့လုပ်ဆောင်သင့်သည်။

 

ယခင်နှင့် ယခုကာလအတွင်း ဒဏ်ခတ်ပိတ်ဆို့မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ချိုးဖောက်မှုများအတွက် လက်ရှိချမှတ်ထားသော အရေးယူဆောင်ရွက်မှုဆိုင်ရာ အစီအမံများကို အားကောင်းစေရန် အသက်သွင်းသင့်သည်။

 

နိုင်ငံတကာကုမ္ပဏီများအနေဖြင့် မြန်မာစစ်လက်နက်ပွဲစားများ၊ မြန်မာစစ်အုပ်စုအား ပံ့ပိုးကူညီ ထားသည့် အရပ်ဘက်လေကြောင်းကုမ္ပဏီများနှင့် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းအားလုံးကို ရပ်ဆိုင်းသင့်သည်ဟုJustice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားခဲ့သည်။

 

 “မြန်မာစစ်အုပ်စုက လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်း လုံးဝမရှိဘဲ ကျူးလွန်နေခဲ့တဲ့ နှစ်ပေါင်းများစွာ အတွင်းမှာ၊ သူတို့အနေနဲ့ ATR လေယာဉ်တွေ၊ အပိုပစ္စည်းတွေနဲ့ ပြုပြင် ထိန်းသိမ်းရေး ဝန်ဆောင်မှုတွေကို လက်လှမ်းမှီ ရရှိနေနိုင်ခဲ့တာကတော့ လက်ခံနိုင်ဖွယ်မရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ စစ်အုပ်စုက နိုင်ငံအနှံ့ ၎င်းတို့ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ဆင်ရေးအတွက် စစ်သည်တွေနဲ့ စစ်လက်နက်တွေ သယ်ယူပို့ဆောင်ရာမှာ ဒီလေယာဉ်တွေကို အသုံးပြုနေတာဖြစ်ပြီး၊ ဒါဟာ အရပ်သား ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပံ့ပိုး ကူညီနေတာပဲ ဖြစ်ပါတယ်။ ATR နဲ့ အခြားနိုင်ငံတကာကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို မြန်မာစစ်အုပ်စုက အသုံးပြုနေတာ ကာကွယ်ဖို့အတွက် လုံလောက်တဲ့ တင်ကြိုစိစစ်မှုတွေ မလုပ်ဆောင်ခဲ့ကြပါဘူး။ ဒါဟာ သူတို့ရဲ့ လူ့အခွင့်အရေးတာဝန်ဝတ္တရားတွေကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ မြန်မာစစ်အုပ်စုက ကလေးငယ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ ရပ်ရွာတွေအပေါ် အကြမ်းဖက်တိုက်ခိုက်ရာမှာ အားကိုးအားထားပြုနေတဲ့ ဆယ်စီး ထက်မနည်းရှိတဲ့ ATR လေယာဉ်တွေကို ဆက်လက် အသုံးမပြုနိုင်အောင် အစိုးရတွေအနေနဲ့ အရေးယူဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ အရေးယူဆောင်ရွက်မှုတွေမှာ စစ်အုပ်စုရဲ့ ATR လေယာဉ်တွေအတွက် အပိုပစ္စည်းတွေ၊ လေ့ကျင့် သင်ကြားမှုတွေနဲ့ နည်းပညာအကူအညီတွေ ရရှိနေတာတွေကို ဖြတ်တောက်ပစ်ဖို့ ပါဝင်ရမှာ ဖြစ်ပါတယ်။နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်ရာမှာ ပြင်သစ် လေယာဉ်တွေကို မြန်မာစစ်အုပ်စု အသုံးပြုနေခြင်းက အီးယူအနေနဲ့ မြန်မာနိုင်ငံအပေါ် ၎င်းတို့ရဲ့ ကန့်သတ်ပိတ်ပင်ထားတဲ့ အရေးယူဆောင်ရွက်ချက်တွေကို တိုးမြှင့် ချမှတ်ဖို့နဲ့ ပိုမို အသက်ဝင်စေဖို့ လိုအပ်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။ စင်ကာပူ နိုင်ငံ အနေနဲ့လည်း စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေကို မြန်မာစစ်အုပ်စု ရရှိ အသုံးပြုနေမှု တွေကို ဖြတ်တောက်ဖို့၊ မြန်မာစစ်တပ်လက်နက်ပွဲစားကုမ္ပဏီတွေကို ၎င်းတို့နယ်မြေပိုင်နက်အတွင်း လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုထားတာတွေကို ရပ်တန့်ဖို့တွေအတွက် အခုထက်ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်” ဟု မရတနာမောင်က ပြောကြားခဲ့သည်။

 

 Source/Justice For Myanmar

 

 

 

ဆက်စပ် သတင်းများ