အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်ကောင်စီက NLD လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် ပါတီဝင် ၁၀၇ ဦးကိုသတ်ဖြတ်ဟု ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 777

(ပါတီဝင် ၂၁၀၀ ကျော် ဖမ်းဆီးခံထားရဟုဆို)


မောင်စာဂ၊ နိရဥ္စရာ၊ စက်တင်ဘာ ၁/၂၀၂၄

စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် ပါတီဝင် ၁၀၇ ဦးကိုသတ်ဖြတ်ထားသည်ဟု NLD ၏ လူ့အခွင့်အရေးမှတ်တမ်း ကောက်ယူရေး အဖွဲ့ (HRDT-NLD) က ထုတ်ပြန်သည်။

သြဂုတ်လ ၃၁ ရက်က Zoom မှတဆင့်ကျင်းပသော NLD ၏ ဒုတိယဗဟိုကော်မတီ၏ ကြားကာလစတုတ္ထအကြိမ်အ​စည်းအဝေးသို့ HRDT-NLD က ပေးပို့သည့် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

ယင်းသို့ဖော်ပြရာတွင် ၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ယခုအချိန်ထိ NLD ပါတီဝင် ၂၁၈၂ ဦးကို ဖမ်းဆီးထားသည်ဟုဆိုသည်။

ယင်းအထဲတွင် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးအထိပါဝင်နေပြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် ပါတီဝင် ၁၀၇ ဦးတို့ စစ်ကောင်စီထံ သတ်ဖြတ်ခံခဲ့ရသည်ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

အသတ်ခံလိုက်ရသည့် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးမှာ မည်သူမည်ဝါဖြစ်သည်ကို အစီရင်ခံစာတွင် တိတိကျကျ ဖော်ပြထားခြင်းမရှိပါ။

သို​သော် အသတ်ခံလိုက်ရသည့် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးအနက် တစ်ဦးမှာ ဦးဖြိုးဇေယျာသော်ဖြစ်သည်ဟု နိရဥ္စရာက သိရှိထားသည်။

ဦးဖြိုးဇေယျာသော်ကို ၈၈ မျိုးဆက်ကျောင်းသား ဦးဂျေမီနှင့်အတူ စစ်ကောင်စီက ၂၀၂၁ ခုနှစ်အတွင်း ရန်ကုန်တွင် ဖမ်းဆီးခဲ့ရပြီးနောက် သူတို့နှစ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည)တို့အရ သေဒဏ်ချမှတ်လိုက်ကြောင်း စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

HRDT-NLD ၏ အစီရင်ခံစာတွင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ NLD ပါတီရုံးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်များ၏နေအိမ်များကို စစ်ကောင်စီက ဖျက်ဆီးချိတ်ပိတ်ခဲ့မှုအရေအတွက်များကိုလည်း ထည့်သွင်းဖော်ပြထားသည်။

ယခု အစီရင်ခံစာပါမှတ်တမ်းများသည် စစ်တပ်ကအာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်၊ မေလမှစတင်ကာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်အထိ ကောက်ယူထားသည့် မှတ်တမ်းများဖြစ်သည်ဟု HRDT-NLD က ဆိုထားသည်။

"အထက်ပါမှတ်တမ်းများသည် HRDT-NLD အနေဖြင့် လက်လှမ်းမီသလောက်နှင့် တိကျသောမှတ်တမ်းများကိုပြုစုထားခြင်းဖြစ်ပြီး ပကတိမြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်ပါသည်"ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

စစ်ကောင်စီက တစ်နိုင်ငံလုံးရှိ နိုင်ငံရေးပါတီများကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ ပြန်လည်မှတ်ပုံတင်ကြရန် ဖိအားပေးခဲ့သော်လည်း NLD သည် ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားခြင်းမရှိခဲ့ဟု သိရသည်။

ယင်းသို့ ပြန်လည်မှတ်ပုံမတင်သည့်ပါတီများကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ဖျက်သိမ်းခဲ့ရာ NLD လည်း ပါဝင်သွားခဲ့သည်။ NLD ဘက်ကမူ စစ်ကောင်စီ၏ ယင်းသို့ဖျက်သိမ်းမှုမှာ တရားဝင်မှုမရှိဘဲ NLD တည်ရှိနေဆဲဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

 

 

 

ဆက်စပ် သတင်းများ