အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မန္တလေးမြို့အတွင်းရှိ နေရာတချို့ အပါအဝင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ရှေ့ာတိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 663

လူထက်နိုင်(ဒွါရာမြီ)၊ နိရဥ္စရာ၊ စက်တင်ဘာ ၃  / ၂၀၂၄

မန္တလေးမြို့အတွင်းရှိ နေရာတချို့ အပါအဝင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ)တို့  စက်တင်ဘာ ၃ ရက်နေ့ နံနက်အစောပိုင်းတွင် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရသည်ဟု သတင်းရရှိသည်။

မြို့ခံတစ်ဦးက “ အခုမြို့ထဲမှာ အစစ်အဆေးတွေ များနေတယ်။ မနက်ကထဲက လက်နက်ကြီးပစ်သံတွေ  ကြားနေရတော့ လူတွေစိုးရိမ်နေကြတယ်။ ထိခိုက်တာတွေရှိတယ်လို့သိရတယ်။ စစ်ပွဲက မြို့ထဲရောက်လာပြီ။ ညောင်ကွဲရပ်ကွက် အကွက် (၅)၊ ၈လမ်းနဲ့ ၉လမ်းကြား ၈၈လမ်းနဲ့ ၈၉လမ်း ကြားက အိမ်အပေါ်ထပ်နံရံကို လက်နက်ကြီး ဖောက်ဝင် ပေါက်ကွဲတာပါ”ဟု ပြောသည်။

ယနေ့ နံနက် ၄ နာရီဝန်းကျင်အချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လမ်း ၈၀×၁၁×၁၂ လမ်း ကြား ကိုရီးယား အကြောပြင် တိုက်အပေါ်ဆုံးထပ်သို့ လက်နက်ကြီး တစ်လုံးကျရောက်ခဲ့ပြီး အမိုးပွင့်ထိခိုက်ပျက်စီး သွားကြောင်း 𝑴𝑫𝒀 𝑹𝒆𝒗𝒐𝒍𝒖𝒕𝒊𝒐𝒏 ကထုတ်ပြန်ထား သည်။

အမှတ် ၄ ရဲစခန်းအရှေ့ဘက်တိုက်သို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ကာ တိုက်အပေါ် ထပ် အုတ်နံရံ ပျက်စီးသွားကြောင်း၊ တတိယတစ်လုံးမှာ ရွှေကျင်တိုးဂိတ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်းလည်း 𝑴𝑫𝒀 𝑹𝒆𝒗𝒐𝒍𝒖𝒕𝒊𝒐𝒏 က သတင်းထုတ်ပြန်ထား သည်။


ထို့အပြင် Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Shadow Mandalay အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်၊ မနက် ၄ နာရီ ၈ မိနစ် အချိန်တွင် မန္တလေးရှိ၊ အာဏာသိမ်း စစ်ရှုံးကောင်စီ၏ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးပစ်ခတ်ခဲ့ရာ ၇ လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှ စက်တင်ဘာ ၃ တွင်ထုတ်ပြန်ထားသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) သည် တော်လှန်ရေးအင်အားစုများဆင်နွှဲနေသော ၁၀၂၇ ဒုတိယလှိုင်း၊ ရှမ်း-မန်း စစ်ဆင်ရေးတွင် အာဏာသိမ်းစစ်ရှုံးကောင်စီဘက်မှ တန်ပြန်ခုခံနေသော စစ်စခန်းများကို အဓိက ကွပ်ကဲနေသည့် အရေးပါ သော စစ်တိုင်းဌာနချုပ် ၂ ခုထဲမှတစ်ခုဖြစ်ပြီးတော်လှန်ရေး အင်အားစုများက အဆိုပါ စစ်တိုင်းကွပ်ကဲရေး ဌာနချုပ်နှစ်ခုထဲမှ တစ်ခုဖြစ်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ဖြိုခွင်း သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

“BWM အဖွဲ့နှင့် မဟာမိတ်အဖွဲ့များကလည်း တော်လှန်ရေးအင်အားစုများ၏ ၁၀၂၇ ဒုတိယလှိုင်း ရှမ်း-မန်းစစ်ဆင်ရေးကို ပူးပေါင်းပါဝင်ကူညီသည့် အနေဖြင့်ကျန်ရှိနေသေးသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဖြိုလဲရန် ၁၀၇ မမ ရှော့တိုက်ဒုံး များဖြင့် တိုက်ခိုက်ရခြင်းဖြစ်ပါသည်။

ယနေ့ မစ်ရှင်သည် BWM နှင့်မဟာမိတ်အဖွဲ့များက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဒုတိယ အကြိမ်မြောက် တိုက်ခိုက်သော မစ်ရှင်ဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာကလည်း ပထမ အကြိမ် တိုက်ခိုက်ခဲ့သေးသည်” ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်

BWM အဖွဲ့သည် ရန်သူစစ်ရှုံးကောင်စီ၏ လေတပ်နှင့် အခြားအရေးကြီးသည့် စစ်ရေးပစ်မှတ်များကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခြင်းအားဖြင့် နိုင်ငံတဝန်းတော်လှန်ရေးအင်အားစုများနှင့်အတူ ဟန်ချက်ညီစွာတိုက်ပွဲ ဝင်လျက်ရှိနေကြောင်းသိရသည်။

၂၀၂၄ ခုနှစ်အတွင်း ကျွန်ုပ်တို့ BWM အဖွဲ့ သည် တော်လှန်ရေးမဟာမိတ်များနှင့်ပူးပေါင်း၍ အေလာလေတပ် စခန်း ကို ၂ ကြိမ်၊ တောင်ငူ လေတပ်စခန်းကို ၃ ကြိမ်၊ တံတားဦး လေတပ်စခန်းကို ၁ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဖြစ်သလို ဆက်လက်၍လည်း စစ်ရှုံး ကောင်စီပြိုလဲသည်အထိ အရှိန်အဟုန်မြှင့်၍ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း Brave Warriors for Myanmar (BWM) မှထုတ်ပြန်ထားသည်။

ညောင်ကွဲရပ်ကွက် အကွက် (၅)၊ ၈လမ်းနှင့် ၉လမ်းကြား ၈၈လမ်းနှင့် ၈၉လမ်း ကြားရှိ အိမ်အပေါ်ထပ်နံရံကို လက်နက်ကြီး ဖောက်ဝင် ပေါက်ကွဲလို့ အဲဒီအခန်းမှာ အခန်းငှား နေထိုင်တဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်းများတွင်ဖော်ပြထားသည်။

ဓာတ်ပုံ- မန္တလေးသတင်းများ

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!