အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်အစိုးရ AA နှင့် ဆက်သွယ်စကားပြောမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 3.8k

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ၄/ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များနေရပ်ပြန်ပို့ရေးကိစ္စနှင့်ပတ်သက်ပြီး အာရက္ခတပ်တော် (AA) နှင့် ဆက်သွယ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးရာ အကြံပေး  Md Touhid Hossainက ပြောဆိုလိုက်သည်ဟု New Age သတင်းကဖော်ပြချက် အရသိရသည်။

မြန်မာမှ ရိုဟင်ဂျာ ဒုက္ခသည်များကို နေရပ်ပြန်ပို့ရေးနှင့် ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းရာ၊ နေရပ်ပြန်ရေး အဆင်ပြေချောမွေ့စေရန်အတွက် ရခိုင်ပြည်နယ်ကို လက်ရှိ ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA)နှင့် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဖွင့်လှစ်ဖို့ လိုအပ်ကြောင်း နိုင်ငံခြားရေးရေးရာ အကြံပေးဖြစ်သူ ပြောဆိုလိုက်သည်။

"ဒါက ရှေ့ဆက်လုပ်ဆောင်ရမယ့်နည်းလမ်းလို့ထင်တယ်၊ ဒါပေမယ့် ပြည်နယ်အဆင့် မှာ ဘယ်လောက်ထိလုပ်ဆောင် နိုင်မလဲဆိုတာကိုတော့ အကဲဖြတ်ရမယ်" ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်ဘက်က လူပေါင်း ၈၀၀၀ ခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ မကြာသေးခင်အချိန်က ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြောင်း Touhid က ပြောဆိုလိုက်သည်။

“ဘင်္ဂလားဒေ့ရှ်ထဲကို ရိုဟင်ဂျာ  ၈၀၀၀ လောက် ဝင်လာတယ်ဆိုတဲ့သတင်းတွေရထားပါတယ်။ လာမယ့် ၂ရက်၊ ၃ ရက်အတွင်း အဲဒီကိစ္စကို အစိုးရအဖွဲ့မှာ အလေးအနက်ထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု Touhidက သြဂုတ်(၃)ရက်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အနေဖြင့် နေရပ်စွန့်ခွာလာရသည့် ရိုဟင်ဂျာများကို နောက်ထပ် ထပ်မံခိုလှုံခွင့် မပေးရန် အစိုးရကမူအားဖြင့် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ၄င်းက ပြော ဆိုသည်။

နှိပ်စက်ညှဉ်းပန်းခံနေရသည့် ရိုဟင်ဂျာများအတွက် စာနာထောက်ထားမှု ရှိလင့်ကစား ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် နောက်ထပ် ဒုက္ခသည်များအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ခိုလှုံခွင့် ပေးဖို့အတွက် စွမ်းဆောင်နိုင်စွမ်းမရှိတော့ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

မြန်မာနှင့် ထိစပ်နေသည့် နယ်စပ်ကိုသတိထားစောင့်ကြည့်နေသော်လည်း နယ်စပ်ကို ရာနှုန်းပြည့် လုံခြုံအောင်ပြုလုပ်ရန် အတွက်မူ ခက်ခဲကြောင်းTouhid က မှတ်ချက်ပြုခဲ့သည်။

“နယ်စပ်ကို အပြည့်အဝတားဆီး ပိတ်ဆို့ထားဖို့ ကတော့ရာနှုန်းပြည့် မဖြစ်နိုင်ပါဘူး ၊ရိုဟင်ဂျာ တွေ ထပ်မံဝင်ရောက်လာမှုကို တားဆီးရန်အတွက် အစိုးရက ကြိုးပမ်းဆောင်ရွက်သွားပါမယ် ” ဟု Touhid ကပြောကြားခဲ့သည်။

ရိုဟင်ဂျာများနေရပ်ပြန်ပို့ရေးဆိုင်ရာ အစီအမံများကို ဆွေးနွေးရန် လာမည့်နှစ်ရက်အတွင်း ပြည်ထဲရေးရာ အကြံပေးနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာစစ်တပ်ကအကြမ်းဖက်နှိမ်နင်းမှုများကြောင့် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ (၂၅)ရက်နေ့ကတည်းက ထွက်ပြေးတိမ်းရှောင်လာခဲ့ရသည့် ရိုဟင်ဂျာ ၇ သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံကာ ကော့ဘဇားတွင် နေထိုင်ခွင့် ပေးခဲ့သည်။

ပြီးခဲ့သည့်(၇)နှစ်တာကာအတွင်းတွင် ဒုက္ခသည် တစ်ဦးတစ်ယောက်မျှ နေရပ်သို့ပြန်နိုင်ခြင်း မရှိခဲ့ပေ။

မြန်မာဘက်က ၎င်းတို့ကို ပြန်လည်ခေါ်ယူရန် သဘောတူခဲ့သော်လည်း ရခိုင်ပြည်နယ်အတွင်း ၎င်းတို့ ဘေးကင်းရေး၊ လုံခြုံရေးနှင့် ပတ်သက်၍ ရိုဟင်ဂျာများအကြား ယုံကြည်မှု မရှိမှုများကြောင့် နေရပ်ပြန်ပို့ရေး ကြိုးပမ်းခဲ့မှုသည် အောင်မြင်မှုမရရှိခဲ့သည်မှာ နှစ်ကြိမ်တိုင်ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ Source/ News Age

 

---

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!