အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် ငါးဖမ်းသမား ၃ ဦး ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 709

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ စက်တင်ဘာ ၄/ ၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ငါးဖမ်းသမား ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်မှ ကိုစောလှမောင် (၂၂)နှစ်၊ သစ်ပုတ်တောင် တိုက်နယ်၊ ကြံချိုင်ကျေးရွာမှ ဦးမွေးထွန်း (၃၂) နှစ် နှင့် ဦးမောင်ခင်သန်း (၄၂) နှစ်ဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံရသည့် ၃ ဦးအနက် သစ်ပုတ်တောင်တိုက်နယ်မှ  ဦးမွေးထွန်းနှင့် ဦးမောင်ခင်သန်း တို့ကို စက်တင်ဘာ ၁ ရက် နေ့လယ် ၂ နာရီခန့်က စစ်တောရွာအောက်တွင် ပိုက်ချနေစဥ် သစ်ပုတ်တောင် ရေတပ်စခန်းမှ စစ်ကောင်စီတပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက နိရဥ္စရာ ကိုပြောသည်။

“ သူတို့နှစ်ယောက်က နေ့ခင်းဖက်မှာ ငါးဖမ်းနေကြတဲ့ အချိန်မှာ လာဖမ်းသွားကြတယ်။ ကြိုးနဲ့ တုတ် ရိုက်နှက်ပြီး သစ်ပုတ်တောင်ရေတပ်စခန်းကို ခေါ်သွားတယ်။ ဒေသခံတွေက စားဝတ်နေရေး ကျပ်တည်းလာတော့ အသက်ကို မငဲ့ဘဲ စိုးရိမ်စိတ်နဲ့ ငါးဖမ်းထွက်ကြတာပါ။ ဒီလိုမျိုး စစ်ကောင်စီက မတရားဖမ်းဆီးတာတော့ မလုပ်သင့်ပါဘူး။ သူတို့ကို ဒုက္ခပေးနေတာလည်း မဟုတ်ပါဘူး” ဟု ပြောသည်။

နောက်ထပ် အဖမ်းခံရသူ တစ်ဦးမှာ ငလပွေ့ရပ်ကွက်မှ ကိုစောလှမောင်ဖြစ်သည်။

၎င်းအား  စက်တင်ဘာလ ၁ ရက်နေ့ ည ၈ နာရီ ခန့် ပိုက်ချပြီး ပြန်လာစဥ် ငလပွေ့ချောင်းတံတား အနားတွင် ရဲနှင့် စစ်ကောင်စီများက ဖမ်းသွားသည်ဟု ကျောက်ဖြူမြို့မှ ဒေသခံအမျိုးသားတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ ငါးဖမ်းပြီး ငလပွေ့တံတားနားကဆိပ်ကမ်းမှာ ငါးဖမ်းတဲ့ စက်လှေတွေရပ်ကြတယ်။ သူကငါးဖမ်းပြီး ကမ်းပေါ်တက်ဖို့ပြင်နေတဲ့အချိန်မှာ ကင်းလှည့်နေတဲ့ ရဲနဲ့စစ်ရဲ့ စစ်ကြောင်းနဲ့ တိုးသွားလို့ သူ့ကို ဖမ်းသွားတာ” ဟု ပြောသည်။

ဖမ်းဆီးခံရသူများမှာ လက်ရှိအချိန်ထိ မိသားစုနှင့် အဆက်အသွယ်မရကြကြောင်း ဒေသခံများက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူအများစုမှာ မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေပြီး တချို့မှာ တရားစွဲခံရကာ ထောင်ဒဏ်ချမှတ်ခြင်းခံရမှုများလည်း ရှိနေကြောင်း သိရသည်။

ကျောက်ဖြူတွင် ပင်လယ်ပြင်တွင်  ငါးဖမ်းထွက်သည့် စက်လှေသမားများအား စစ်ကောင်စီ၏ နေဗီများမှ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများရှိကြောင်း၊  တချို့မှာ ဖမ်းဆီးခံရ၊ ငါးဖမ်းပိုက်များ သိမ်းဆည်းခံရပြီး ဒဏ်ငွေပေးဆောင်မှုများလည်း ရှိနေကြောင်း ကျောက်ဖြူဒေသခံများက ပြောသည်။

စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၂၃ နိုဝင်ဘာ နောက်ပိုင်းမှ စ၍ ကျောက်ဖြူ ဒေသခံများကို စစ်ကောင်စီမှ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခြင်းကို စစ်ကောင်စီ ပိတ်ပင်ထား၍ ရေလုပ်သားများမှာ  စားဝတ်နေရေး ကျပ်တည်းနေကြကြောင်း ရေလုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။(ဓာတ်ပုံ- ပုံဟောင်း)

ဆက်စပ် သတင်းများ