အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

အိန္ဒိယ မီဇိုရမ်ဝန်ကြီးချုပ်က “AA နှင့် မိတ်ဆွေဖွဲ့ပြီး အတူ လက်တွဲရမည်” ဟုပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 874

နိရဉ္စရာ၊ စက်တင်ဘာ ၅/ ၂၀၂၄

အိန္ဒိယ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က  AA နှင့် မိတ်ဆွေဖွဲ့ပြီး အတူ လက်တွဲရမည်ပြောဆိုလိုက်သည်။

အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေသော  မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက ချင်းလူထုနှင့်တွေ့ဆုံပွဲတွင် ခုလို ပြောကြားသွားခဲ့ခြင်းဖြစ်သည်ဟု ချင်းမီဒီယာ တစ်ခုဖြစ်သည့်  Khonumthung  ယနေ့တွင် သတင်းဖော်ပြပါသည်။  

အမေရိကန် နိုင်ငံ အင်ဒီးယားနားပြည်နယ် Chin Evangelical Baptist Church တွင် စက်တင်ဘာလ ၄ ရက်နေ့ညက ကျင်းပခဲ့သည့် ချင်းလူထုနဲ့ တွေ့ဆုံပွဲ အမေးအဖြေအစီစဉ်တွင် ခုလို ထည့်သွင်း ပြောကြားသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တက်ရောက်လာသူများက ကုလားတန်ဘက်စုံစီမံကိန်းနှင့် ပတ်သက်ပြီး အာရက္ခတပ်တော် (AA)နှင့်  မီဇိုရမ်အစိုးရတို့ တွေ့ဆုံခဲ့မှု အခြေအနေများကို  မေးမြန်းရာမှာ ဝန်ကြီးချုပ်က ယခုလို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က “အာရက္ခတပ်တော် AA နဲ့ ကျနော်တို့ပြဿနာဖြစ်ရင် သူတို့ကအင်အားပိုကောင်းတယ်၊။ သူတို့မှာ အင်အားတော်တော် များတယ်။ ဒါကြောင့် တိုက်ပွဲမဟုတ်ပဲ ချစ်ကြည်ရင်းနှီးရမယ်။  သူငယ်ချင်းအဖြစ်မိတ်ဆွေဖွဲ့ရမယ်”ဟု ပြောသည်။

ဒါ့အပြင် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေရော၊  အာရက္ခတပ်တော်ရော၊ PDFတွေရော တော်လှန် တိုက်ခိုက်နေကြသည်မှာ အတူတူဖြစ်ပြီး အချင်းချင်းကြား ပြဿနာဖြစ်နေလျင် စစ်ကောင်စီအတွက် ဝမ်းသာစရာဖြစ်နေမည်ဟု ပြောဆိုသွားခဲ့သည်။

“ CNF ဖြစ်ဖြစ် Chin Brotherhood ဖြစ်ဖြစ် Chinland Council ဖြစ်ဖြစ် ZRA အရှေပိုင်း အနောက်ပိုင်းတိုင်းပဲဖြစ်ဖြစ်၊  AA ဖြစ်စေ ၊ PDF တွေဖြစ်စေ ငါတို့တော်လှန် တိုက်ခိုက်နေတဲ့ အရာက အတူတူပဲဖြစ်ပါတယ်။  ဒါကြောင့် မိမိတို့အချင်းချင်းကြား ပြဿနာ ဖြစ်နေရင် စစ်ကောင်စီ အတွက်ကတော့ ဝမ်းသာစရာဖြစ်မှာပေါ့။ ဒါကြောင့် အာရက္ခတပ်တော် AA ကိုလည်း သူငယ် ချင်း မိတ်ဆွေအဖြစ်ဖွဲ့ရမယ် အဲလိုမဟုတ်ရင် လောင်တလိုင်ထိကို လာပြီး အနှောက်အယှက်ပေးနိုင်တယ်။”

ဝန်ကြီးချုပ် ပြောဆိုသွားသည့်အထဲတွင်ပါသော လောင်တလိုင်မှာ  မီဇူရမ်ပြည်နယ်ထဲက မြို့တစ်မြို့ဖြစ်ပြီး လက်ရှိ ရခိုင်ပြည်နယ်ထဲကို ကုန်စည်များ သယ်ယူမှုကို ကျောင်းသားများက  ပိတ်ပင်ခဲ့သည့် မြို့လည်းဖြစ်သည်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်သည်  အမေရိကန်ပြည်ထောင်စုတွင်  စက်တင်ဘာလ ၂ ရက်နေ့က ကျင်းပခဲ့သည့်   ၃၁ ကြိမ်မြောက် “Mizo Day” အခမ်းအနားတွင် ဧည့်သည်တော်ကြီး အဖြစ် တက်ရောက် လာခဲ့ပြီးနောက် စက်တင်ဘာလ ၄ ရက်နေ့၌  ချင်းလူမျိုးအများစုနေထိုင်သည့်  အင်ဒီးယားနား ပြည်နယ်တွင်  ချင်းလူထုနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။

၎င်းတွေ့ဆုံပွဲတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ အချင်းချင်း စည်းလုံးညီညွတ်မှုအားကောင်းလာစေရေး၊ ဘာသာရေး အသင်းအဖွဲ့ နှင့်  အရပ်ဖက်အဖွဲ့အစည်းတွေ အကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးတို့ကို အလေးထား ပြောဆိုသွားခဲ့သည်။

၎င်းအပြင် ချင်း-မီဇိုး-ကူကီမျိုးနွယ်စုများသည် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ် အလာ၊ ဘာသာစကား၊ ပွဲတော်၊ သီချင်း ပုံပြင် စတာတွေကို ကြည့်ခြင်းအားဖြင့် ဆင်းသက်လာရာတူညီတဲ့  တအူတုံဆင်း ညီရင်းအကိုတွေဖြစ်ကြပြီး ပိုင်းခြား၍မရသည့် လူမျိုးများဖြစ်ကြောင်းလည်း ပြောဆိုသွားခဲ့သည်ဟု ဆိုသည်။

အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့်စသည့် သုံးနိုင်ငံမှာ တကွဲတပြားစီ နေထိုင်ကြရသော်လည်း  မိမိတို့လူမျိုးများ တနေ့နေ့ တချိန်ချိန် အုပ်ချုပ်မှုတစ်ခုအောက်တွင် ပြန်လည်နေထိုင်နိုင်လိမ့်မည်ဟု  မျှော်လင့်ကြောင်း  ဝန်ကြီးချုပ်ကပြော ဆိုသွားခဲ့သည်ဟု  Khonumthung က သတင်းဖော်ပြထားသည်။

 

 

 

ဆက်စပ် သတင်းများ