အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ (၆)ရက်အတွင်း ကလေးငယ်များအပါအဝင် အရပ်သား (၄၀)ဦးထက်မနည်း သေဆုံးခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 673

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၈/ ၂၀၂၄

မြန်မာစစ်အစိုးရ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်များအပါအဝင် အရပ်သား (၄၀)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒါကာထရီဗြူးကသတင်းဖော်ပြချက်အရသိရ သည်။

စစ်အစိုးရသည် လွန်ခဲ့သည့် (၆)ရက်တာကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်ခဲ့ရာ ကလေးငယ်များ အပါအဝင်အရပ်သား (၄၀)ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဧရာ၀တီသတင်းဌာနကို ကိုးကားပြီးဒါကာထရီဗြူးက သတင်းဖော်ပြ သည်။

စစ်အစိုးရ သည် ရက်စက်ကြမ်းကြုတ်စွာ ဖြင့် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် ၊ မကွေး၊ စစ်ကိုင်းနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင်အရပ်သားပစ်မှတ်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လေကြောင်းမှ တိုက်ခိုက်ခံရသည့်နေရာများမှာ အရပ်သားပစ်မှတ်များဖြစ်သည့် ကျောင်း၊ ဈေး၊ မြို့များ နှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများနေထိုင်ရာ (IDP) စခန်းတို့ ပါဝင်သည်။


စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်လည် သိမ်းယူမည်ဟု စက်တင်ဘာ ၃ ရက်နှင့် ၄ ရက်နေ့များက ကရင်နီနှင့် ရှမ်းပြည်တို့ကို သွားရောက်စဉ် ပြောဆိုခဲ့အပြီး မကြာခင်တွင် စစ်တပ်က အရပ်သားများအပေါ် ယခုကဲ့သို့ လေကြောင်း တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

မကွေးတိုင်းဒေသကြီး လက်ယက်မ ကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းကိုစက်တင်ဘာ(၆)ရက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် လူ(၆)ဦး သေဆုံးခဲ့ပြီး(၁၀) ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

ယင်းနေ့တွင်ပင် မန္တလေးတိုင်း ဒေသကြီး နွားထိုးကြီးမြို့နယ်နှင့် ချင်းပြည်နယ် မင်းတပ်မြို့နယ် တို့တွင်လည်း လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ကို သြဂုတ်(၇)ရက် မနက် ၁ နာရီ ၃၅ မိနစ်တွင် စစ်အစိုးရ၏ ဂျက်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့်ကလေးတစ်ဦးအပါအဝင် အရပ်သား (၁၃) ဦး သေဆုံးခဲ့သည်။

ထို့အပြင် ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်းတစ်ခုလည်း ဗုံးကြဲခံရပြီး ကလေးငယ် (၈)ဦး အပါအဝင် (၁၀)ဦး သေဆုံးခဲ့ရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်းကို စစ်အစိုးရ တိုက်လေယာဉ် တစ်စီးက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ် (၈)ဦး အပါအဝင် အရပ်သား (၁၀) ဦး သေဆုံးခဲ့ပြီး (၁၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ(၄)ရက်နှင့်(၅)ရက်ကလည်း ကယားပြည်နယ် လွိုင်ကော်မြို့နယ်ရှိ နန်းမဲခွန် မြို့နယ် နှင့် အနီးနားရှိ ရွာများကို စစ်အစိုးရ၏ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ဒေသခံတစ်ဦးသေဆုံးပြီး အရပ်သားအခြေခံအဆောက်အအုံများ အကြီးအကျယ်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထို့အပြင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့များ ထိန်းချုပ်ရာ ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နှင့် နောင်ချို မြို့နယ်ရှိ ကျေးရွာတစ်ရွာကိုလည်း စစ်အစိုးရ ဂျက်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။



အဆိုပါ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး အရပ်သား(၁)ဦး သေဆုံးပြီး နေအိမ်အများအပြား ပျက်စီးခဲ့သည်။

စက်တင်ဘာ (၁)ရက်က ​စစ်​ကိုင်း​တိုင်း​၊ ထီးချိုင့်မြို့နယ်၊မောင်​ကုန်း​ရွာရှိ ​ဈေး​ကို ​စစ်​​တပ်ကလေ​ကြောင်း​က ​တိုက်​ခိုက်​ခဲ့​ရာ ကလေးငယ်(၁)ဦးအပါအဝင် အရပ်သား(၉)ဦး သေဆုံးခဲ့ရကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

စစ်ရာဇ၀တ်မှုများကျူးလွန်နေသည့် မြန်မာစစ်တပ်ကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) တွင် စစ်ရာဇ၀တ်မှုများကို ရင်ဆိုင်ရန် တော်လှန်ရေးအဖွဲ့များက တောင်းဆိုနေကြပြီး စစ်တပ်က အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေသည့်အတွက် အရပ်သား သေဆုံးမှုများ တိုးမြင့်လာလျက်ရှိသည်။ Source/Dhaka Tribune

ပုံစာ- နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ်က ပေါင်(၅၀၀)ဗုံး ၂ လုံး လာရောက်ပစ်ခတ်တိုက်ခိုက်၊ ကိုယ်ဝန်ဆောင်နှင့်ကလေးငယ်အပါအဝင် မြို့ခံ ၁၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ (PSLF/TNLA)

ဆက်စပ် သတင်းများ