ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ATR အမျိုးအစား လေယာဉ်များကို စစ်ဘက်တွင် သုံးနေ၍ မြန်မာ့အမျိုးသား လေကြောင်းလိုင်းအား နိုင်ငံတကာက ပိတ်ဆို့အရေးယူပေးရန် JFM က တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 962

မောင်စာဂ၊ နိရဥ္စရာ၊ စက်တင်ဘာ ၁၀/၂၀၂၄

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က ATR အမျိုးအစား လေယာဉ်များကို စစ်ဘက်တွင် အသုံးပြုနေသည့်အတွက် မြန်မာလေကြောင်းအား နိုင်ငံတကာက ပိတ်ဆို့အရေး ယူပေးရန် Justice For Myanmar (JFM)အဖွဲ့က တောင်းဆိုလိုက်သည်ဟု သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)က ပြင်သစ်နိုင်ငံထုတ် Avions de Transport Regional (ATR) အမျိုးအစားလေယာဉ်များကို စစ်ကောင်စီ၏ စစ်ဘက်ဆိုင်ရာသယ်ယူ ပို့ဆောင်ရေးတို့တွင် အသုံးပြုနေ၍ MNA အား နိုင်ငံတကာက အရေးယူပိတ်ဆို့ပေးရန် JFM က စက်တင်ဘာလ ၉ ရက်တွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

"MNA သည် ၎င်း၏ ATR လေယာဉ်အုပ်ကို စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အတွက်လည်း အသုံးပြုနေသည်။ ဥပမာအားဖြင့်၊ မြဝတီမြို့နယ်အတွင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက အောင်ပွဲများရရှိခဲ့အပြီး စစ်အုပ်စုသည် ၎င်း၏စစ်သည်များနှင့် ကုန်စည်ပစ္စည်းများကို ထိုင်းနိုင်ငံမှ ပြန်လည်သယ်ဆောင်ရန်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် MNA ပိုင် ATR လေယာဉ်ကို အသုံးပြုခဲ့သည်"ဟု JFM ၏တောင်းဆိုချက်တွင် ဖော်ပြထားသည်။



အဆိုပါ ATR လေယာဥ်များကို စစ်အုပ်စုက ကလေးငယ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများနှင့် ရပ်ရွာများအပေါ် အကြမ်းဖက်တိုက်ခိုက်ရာတွင်လည်းကောင်း၊ နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်ရာတွင် လည်းကောင်း၊ အကြမ်းဖက်စစ်ဆင်ရေးအတွက် စစ်သည်များနှင့် စစ်လက်နက်များ သယ်ဆောင်ရာတွင်လည်းကောင်း၊ ဝေဟင် ထောက်လှမ်းရေးနှင့် ကင်းထောက်လုပ်ငန်းများအတွက်လည်းကောင်း အသုံးပြုနေသည်ဟု သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)သည် နိုင်ငံပိုင်ဖြစ်သော်လည်း စစ်အာဏာ သိမ်းပြီးနောက် စစ်ကောင်စီက ထိန်းချုပ်ထားသည့်လေကြောင်းလိုင်းဖြစ်သည်။

စစ်ကောင်စီ ထိန်းချုပ်ထားသည့် MNA လေကြောင်းလိုင်းအပါအဝင် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းအားလုံးကို  နိုင်ငံတကာအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့ပေးရန်လည်း JFM က ဆက်လက်တိုက်တွန်းထားသည်။

ဓာတ်ပုံ - စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အရပ်ဘက်လေယာဥ်ဖြင့်ပို့ဆောင်ခဲ့မှုမြင်ကွင်းတစ်ခု။ (ဓာတ်ပုံ - လူမှုကွန်ရက်)

ဆက်စပ် သတင်းများ