ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၂/၂၀၁၄
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) တို့အကြား နားလည်မှုစာချွန်လွှာ ချုပ်ဆိုမှုကို စက်တင်ဘာလ၁၂ရက်တွင် ပြုလုပ်ခဲ့ကြောင်း (NUG) က သတင်းထုတ်ပြန်သည်။
နားလည်မှုစာချွန်လွှာကို အပြန်အလှန်နားလည်မှု ၊ နိုင်ငံရေးဂုဏ်သိက္ခာ အပြန်အလှန် အသိအမှတ် ပြုမှုတို့ကိုအခြေခံပြီး နှစ်ဖက်အဖွဲ့အစည်း နှစ်ခုအကြား ခိုင်မာအားကောင်းသော ဆက်ဆံမှု တည်ဆောက်ရေး၊ စစ်အာဏာရှင်စနစ် ပပျောက်ရေး နဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စုပေါ်ထွန်း ရေးလုပ်ငန်းများမှာ အတူတကွ လက်တွဲ တိုက်ပွဲဝင် ပူးပေါင်း ဆောင်ရွက်ရေးကိုရည်ရွယ်၍ ချုပ်ဆိုခဲ့ကြသည်ဟု ဆိုသည်။
အဆိုပါ စာချုပ်အရ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့အကြားနိုင်ငံရေး ၊ လူထုစည်းရုံးရေး ၊ စစ်ရေး နဲ့ ဘဏ္ဍာရေး ကဏ္ဍရပ်တွေမှာပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်ဟု သိ၇သည်။
နားလည်မှုစာချွန်လွှာ ချုပ်ဆိုသည့်အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလ ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးလွင်ကိုလတ်အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ကလည်း ဥက္ကဌ ရဲဘော်သံခဲ၊ ဒုဥက္ကဌ ရဲဘော်လဆိုင်း၊ အထွေထွေအတွင်းရေးမှုး ရဲဘော်ဆန်နီ၊ တွဲဖက်အထွေထွေအတွင်းရေးမှုး ၁ရဲဘော်ကျော်လင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှုး ၂ ရဲဘော် ရဲထွတ် (ခ) လှဌေးဦးဆောင်တဲ့ ဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ နယ်မြေအသီးသီးမှတာဝန်ခံခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။