ဗုဒ္ဓဟူး၊ စက်တင်ဘာလ ၁၈ရက်၊ ၂၀၂၄

ရှမ်း-ကယားနယ်စပ်ရှိ စစ်ကောင်စီစခန်းတချို့အား သိမ်းပိုက်စဥ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးပြီး ၃ ဦး လက်နက်နှင့်အတူဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 458

လူထက်နိုင်(ဒွါရာမြီ)၊ နိရဥ္စရာ၊ စက်တင်ဘာ ၁၄  / ၂၀၂၄

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်စပ်ရှိ စစ်ကောင်စီစခန်းတချို့အား ကရင်နီတော်လှန်ရေးအင်အားစုများက သိမ်းပိုက်စဥ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးပြီး ၃ ဦး လက်နက်နှင့်အတူဖမ်းမိခဲ့ကြောင်း Loikaw Local PDF က ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်မှ ၇ ရက်အထိ လွိုင်ကော်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF)၊ လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ် (Loikaw PDF)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)နှင့် ရှမ်းတောင်အခြေစိုက် တပ်အသီးသီးတို့ပူးပေါင်း၍ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်နယ်စပ်တွင် စစ်ဆင်ရေးတစ်ခု ဖော်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်များ စိုးမိုးထားသော တပ်၊ ရဲစခန်းနှင့် စခန်းကုန်းများအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီး အမြောက်အများသုံးစွဲခဲ့သောကြောင့် လွိုင်ကော်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး (၁)ဦးမှာ စိုးရိမ်ရသည်ဟု ဆိုထားသည်။

အလားတူ KNDF KNPLF၊ ရှမ်းတောင် အခြေစိုက်တပ်များမှလည်း ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်နီပြည်သည် စစ်ကောင်စီတပ်များ၏ စစ်ရေး ဒဏ်ထိခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်ခံရမှုအများ ဆုံးရှိသော ပြည်နယ်တစ်ခုဖြစ်ပြီး ကရင်နီတပ်ပေါင်းစုများကလည်း လက်ရှိအချိန်ထိ ကြိုးစားခုခံတွန်းလှန်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွိုင်ကော်မြို့အနီးရှိ ကယန်းသာယာ၊ ကုတ်စု၊ လွိုင်လင်လေးနှင့် ထီးစခန်းတို့တွင် အဆိုပါရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ခဲ့ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားကြသည်။

ဓာတ်ပုံ - Loikaw Local PDF

ဆက်စပ် သတင်းများ