ဗုဒ္ဓဟူး၊ စက်တင်ဘာလ ၁၈ရက်၊ ၂၀၂၄

စစ်တပ် အရာရှိ ၃ ဦးအပါအဝင် ၄၁ ဦး CDM ဝင်ရောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 3.6k

မောင်စာဂ၊ နိရဥ္စရာ၊ စက်တင်ဘာ ၁၄/၂၀၂၄

စစ်ကောင်စီတပ်မှ အရာရှိ ၃ ဦးအပါအဝင် ၄၁ ဦးသည် အကြမ်းမဖက် အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု(Civil Disobedience Movement-CDM)တွင် ဝင်ရောက်လာသည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ အရာရှိအဆင့် ဒုဗိုလ်မှူးကြီး (၃) ဦး၊ ဗိုလ်မှူး (၂) ဦး၊  ဗိုလ်ကြီး (၂) ဦး၊ ဗိုလ် (၃) ဦး အပါအဝင် တပ်သားနှင့်ရဲ (၄၁) ဦးသည် ဩဂုတ်လအတွင်း ဝင်ရောက်လာခြင်းဖြစ်သည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။

သူတို့ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးပါဝင်သည်။

သူတို့သည် NUG ၏ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်က ကာကွယ်ရေးတပ်ဖွဲ့ (PDF)များထံ ချိတ်ဆက်ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

"အဆိုပါ (၄၁) ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ခိုလှုံလာသူများလည်းရှိပြီး လက်နက်ယူဆောင်လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်"ဟု ထုတ်ပြန်ထားသည်။

လက်နက်ဖြင့်ဝင်ရောက်လာသူ ၁၈ ဦးရှိပြီး လက်နက်မဲ့ဝင်ရောက်လာသူ ၂၃ ဦးရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

သူတို့ထံမှ လက်နက်မျိုးစုံ ၁၈ လက်နှင့် ခဲယမ်းမီးကျောက်များကို ရရှိခဲ့သည်ဟုလည်း NUG က ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်အတွင်းကလည်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၅၄ ဦး CDM ဝင်ရောက်လာခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်အချို့ CDM ဝင်ရောက်မှုပုံဟောင်း။ (Photo - CDF-Hakha)

ဆက်စပ် သတင်းများ