- Web Master
- ၃၀ စက်တင်ဘာ ၂၀၂၄
လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၄ /၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုကြောင့် သေဆုံးသူ ၁၀၀ ကျော်၏ရုပ်အလောင်းအားတွေ့ရှိထားပြီး လူအများအပြား ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ စက်တင်ဘာ ၁၄ ရက်အထိ ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ကြစဥ် သေဆုံးနေသည့်ရုပ်အလောင်း ၁၀၀ ကျော်ကိုတွေ့ရှိခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ကလော ဒေသခံတစ်ဦးက “ရေဘေးသင့်သူ အယောက် ၂၀၀ ကိုပြန်လည်ကယ်ဆယ်နေရင်းနဲ့အလောင်းတွေ တွေ့ရှိနေတုန်းပါပဲ။ အလောင်းတွေထဲမှာ လသားအရွယ်ကလေးတွေ၊ အဖိုးအဖွားအရွယ်ပါပါတယ်”ဟုပြောသည်။
အဆိုပါသေဆုံးမှုနှင့် ပျောက်ဆုံးမှုများသည် ရေကြီးပြီး မြေပြိုခြင်း၊ ရေစီးဖြင့်မျောပါခြင်းနှင့် နေအိမ်များပျက်စီးခြင်းတို့ကြောင့်ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ရေကြီးပြီး မြေပြိုသည့် ဒဏ်ကို ရပ်ကွက် (၂)၊ (၃) နှင့် (၄)တို့တွင် ဆိုးဆိုးဝါးဝါး ခံစားခဲ့ရကြောင်းလည်း သိရသည်။
ထို့အပြင် ရပ်ကွက်အများစုရှိ တောင်အောက်နေသူများ၏ အိမ်များပေါ်သို့ မြေကြီးများပိပြီး သေဆုံးခဲ့ရခြင်းများစွာရှိခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။
ယနေ့တွင် ကလောမြို့အတွင်း ရေကျသွားပြီဖြစ်ပြီး ရှင်းလင်းရေးများလုပ်ဆောင်နေကြပြီဟု သိရသည်။
ရေဘေးစတင်ကြုံတွေ့ခဲ့သည့် စက်တင်ဘာ ၁၁ ရက်မှစ၍ ကလောနှင့်အနီးတဝိုက်မြို့များတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းနှင့် လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့သည်ဟု သိရသည်။
လက်ရှိတွင် MPT ဖုန်းလိုင်းတစ်ခုတည်းသာရရှိနေသော်လည်း ကြည်လင်ပြတ်သားမှုမရှိသေးဟု ဒေသခံများက ပြောသည်။
နောက်ထပ်ဒေသခံတစ်ဦးက “လျှပ်စစ်မီးပြန်လည်မရရှိသေးတာကြောင့် ဖယောင်းတိုင်မီးလေးတွေနဲ့ပဲ နေနေကြရပါတယ်။ ဖယောင်းတိုင်ကိုလည်း တစ်အိမ်ကို ၃ တိုင်နှုန်းနဲ့ပဲ ရောင်းပေးနိုင်ပါတယ်”ဟု ပြောသည်။
ရေဘေးသင့်ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများသည် မိုးဒဏ်ရေဒဏ်ကြောင့် ဖျားနာနေကြပြီး ဆေးဝါးအကူအညီ၊ အစားအသောက်၊ စောင်ခြုံထည်၊ အနွေးထည်များလိုအပ်နေသည်ဟုလည်း သိရသည်။
ဓာတ်ပုံ - ThinZar Htet