ကြာသပတေး၊ အောက်တိုဘာလ ၃ရက်၊ ၂၀၂၄

နိုင်ငံတစ်ဝန်း လူ ခြောက်သိန်းကျော် ရေဘေးသင့်ဟု UNOCHA ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 480

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၇/ ၂၀၂၄

မြန်မာနိုင်ငံတစ်ဝန်း လူပေါင်း ခြောက်သိန်းကျော် ရေဘေးသင့်ပြီး အများအပြား ပျောက်ဆုံးနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ယမန်နေ့ စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

“သတင်းအချက်အလက်များ အတည်ပြုနိုင်ရန် အခက်အခဲများရှိနေသော်လည်း နိုင်ငံတစ်ဝန်း ရေဘေးသင့်သူ ခန့်မှန်းခြေ ၆၃၁,၀၀၀ ဦးခန့် ရှိပါသည်။ ရာနှင့်ချီ၍ သေဆုံးမှုများရှိခဲ့ပြီး အများအပြား ပျောက်ဆုံးလျက်ရှိကြောင်း သတင်းရင်းမြစ်များအရ သိရပါသည်”ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်း ရာဂိမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၁ ရက်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်ပြီး ရေကြီးရေလျှံမှုကိုဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။

ရေကြီးခြင်းကြောင့် မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်နှင့် ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်း အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခုရှိ ၅၉ မြို့နယ်ကို ထိခိုက်ခဲ့သည်ဟု UNOCHA က ဆိုသည်။

ယခုအချိန်အထိ နေရာအများစုတွင် ရေလွှမ်းနေဆဲဖြစ်ပြီး ဘေးလွတ်ရာရွှေ့ပြောင်းခြင်းနှင့် အရေးပေါ်အကူအညီပေးခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီကမူ ပြီးခဲ့သည့်ရက်ပိုင်းကဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုကြောင့် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်အချို့တွင် သေဆုံးသူ ၂၂၆ ဦးနှင့် ပျောက်ဆုံးနေသူ ၇၇ ဦးရှိသည်ဟု ယမန်နေ့က ထုတ်ပြန်ထားသည်။

လူဦးရေ တစ်သိန်းခြောက်သောင်းကျော်ရေဘေးသင့်ခဲ့ရသည်ဟုလည်း စစ်ကောင်စီက ဆိုသည်။

ပုံစာ - ရှမ်းပြည်၊ ကလောမြို့ ရေကြီးပြီးမြင်ကွင်း။ (ဓာတ်ပုံ-တင်ဇာထက်)

ဆက်စပ် သတင်းများ