အင်္ဂါ၊ အောက်တိုဘာလ ၁ရက်၊ ၂၀၂၄

ထိုင်း အယုဒ္ဓယဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း မြန်မာလုပ်သား ၂၇၀ ကျော် ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 425

မောင်စာဂ၊ နိရဥ္စရာ၊ စက်တင်ဘာ ၂၅/၂၀၂၄

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၂၇၀ ကျော် ဖမ်းဆီးခံလိုက်ရသည်ဟု ထိုင်းအခြေစိုက်ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။

အယုဒ္ဓယခရိုင်၊ အူထိုင်းဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို စက်တင်ဘာလ ၂၄ ရက်၊ ညနေပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့ အပါအဝင်အဖွဲ့စုံက ဝင်ရောက်စစ်ဆေးစဥ် အထောက်အထားမရှိ၍ဟုဆိုကာ မြန်မာနိုင်ငံသားအလုပ်သမား ၂၇၂ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သတင်းတွင်ဖော်ပြသည်။

ယခုဖမ်းဆီးခံရသူများသည် မဲဆောက်မြို့ကို နယ်စပ်မှတဆင့် အထောက်အထားမဲ့ဖြတ်ကျော် ဝင်ရောက်ကာ တစ်ဦးလျှင် ပွဲစားခနှင့် ခရီးစရိတ် စုစုပေါင်း ဘတ်ငွေ ၂၀,၀၀၀ ပေးခဲ့ရသည်ဟု ထွက်ဆိုကြောင်း သတင်းက ဆိုသည်။

လက်ရှိလုပ်ငန်းခွင်တွင် အလုပ်ကြမ်းအတွက် တစ်နေ့လျှင် ဘတ် ၅၀၀ နှင့် လုပ်ငန်းကျွမ်းကျင်အဆင့်များအတွက် တစ်နေ့လျှင် ဘတ် ၆၀၀ စီ ရရှိကြသည်ဟုလည်း သိရသည်။

သူတို့သည် မြန်မာနိုင်ငံတွင်း တိုက်ပွဲများကြောင့်
အလုပ်အကိုင်ရှားပါးကာ စားဝတ်နေရေးကျပ်တည်းလာသဖြင့် ထိုင်းဘက်သို့ အလုပ်လုပ်ရန် ဝင်ရောက်လာကြခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူများက ပြောဆိုကြောင်း ဘန်ကောက်ပိုစ့်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများကို ထိုင်းအာဏာပိုင်များက အူထိုင်းရဲစခန်းကို ပို့ဆောင်ထားပြီး ဥပဒေအရ အရေးယူကာ နေရပ်ပြန်ပို့သွားမည်ဟုလည်း ထိုင်းသတင်းများက ဖော်ပြသည်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများကို ထိုင်းဥပဒေပါအတိုင်း တင်းကျပ်စွာကိုင်တွယ်ရန် ထိုင်း အရပ်ဘက်အဖွဲ့အချို့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို မကြာသေးခင်က တောင်းဆိုပြီးနောက် အာဏာပိုင်များက ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထား ဖမ်းဆီး စစ်ဆေးမှု ပိုလုပ်လာသည်ဟု သိရသည်။

စက်တင်ဘာ ၂၃ ရက်ကလည်း ထိုင်းအမျိုးသားရေးအဖွဲ့အစည်းလေးဖွဲ့မှ လူ ၄၀ ခန့်က ဘန်ကောက်မြို့ရှိ စစ်ကောင်စီ၏ မြန်မာသံရုံးရှေ့သို့သွားရောက်ပြီး ထိုင်းနိုင်ငံအတွင်း မြန်မာများ ရွှေ့ပြောင်းအခြေချနေထိုင်လာမှု များပြားနေသည့်အပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများအပေါ်  ထိုင်းနိုင်ငံအနေဖြင့် စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးရန်နှင့် အထောက်အထားမဲ့သူများကို ယာယီနေထိုင်ခွင့်ပေးသောအစီစဉ်များ ရေးဆွဲအတည်ပြုပေးစေလိုကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က စက်တင်ဘာ ၂၃ ရက်တွင် မေတ္တာ ရပ်ခံတောင်းဆိုထားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား သန်းနှင့်ချီ ရှိနေသည်ဟုလည်း သိရသည်။

ဓာတ်ပုံ - ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းဖမ်းဆီးခံလိုက်ရသူများအား တွေ့ရစဥ်။ (Photo - uthai district of ayutthaya)

ဆက်စပ် သတင်းများ