သောကြာ၊ စက်တင်ဘာလ ၂၇ရက်၊ ၂၀၂၄

မလေးရှားနိုင်ငံ UNHCR ရုံးရှေ့တွင် ချင်းအမျိုးသားများဆန္ဒပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 206

မင်းသျှင်စော နိရဉ္စရာ ၊စက်တင်ဘာ ၂၇ ၊ ၂၀၂၄

မလေးရှားနိုင်ငံ ကွာလာလာမ်ပူ မြို့၊ UNHCR (United Nations High Commissioner For Refugees) ရုံးရှေ့တွင်  မြန်မာနွယ်ဖွား ချင်းအမျိုးသား ၃၀၀ ခန့်မှ ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိပါသည်။

မလေးရှားနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာလူမျိုးများသည် ကျန်းမာရေး၊ လုံခြုံရေးနှင့်  နိုင်ငံရေးခိုလှုံခွင့်ကြောင့်  UNHCR  အကူညီတောင်းခံရန် သွားရောက်စဉ် လုံခြုံရေး (Security)တာဝန်ခံများမှ မချေမငံဆက်ဆံပြီး ယူအန် အရာရှိများနှင့် သာမက ရုံးတာဝန်ရှိသူများနှင့် တွေ့ခွင့် မပေး မောင်းထုတ်ခံရသဖြင့် ယခုလို ဆန္ဒပြရခြင်း ဖြစ်သည်ဟု ACR (Alliance of Chin Refugees) မှ ညှိနိူင်းရေးမှူး ဆရာ Biak (Coordinator) မှ နိရဉ္စရာသတင်းဌာနကို ပြောသည်။

ဆရာ Biak "ကျွန်တော်တို့ကဒီနေ့ ဆန္ဒပြပွဲကို မလေးရှားနိုင်ငံ ကွာလာလာမ်ပူမြို့ UNHCR. ရုံးရှေ့မှာ မနက် ၁၀ နာရီခွဲကတည်းက လူစုကြတယ်။ စတာကတော့ မနက် ၁၁ နာရီကစပြီးပြတယ်။ ဆိုင်းဘုတ်တွေ ကိုင်ပြီး တောင်းဆိုကြတယ်။ ၁၁ နာရီ ၂၀ မိနစ်မှာ UN ရုံးကအရာရှိ တစ်ယောက် ထွက်လာပြီးမေးတယ်။ကျွန်တော်တို့တောင်းဆိုတာကိုအကုန်လက်ခံသွားတယ်"ဟု ပြောကြားသည်။

ဆန္ဒပြပွဲကို ငြိမ်းငြိမ်းချမ်းချမ်းပြသခဲ့ပြီး လိုအပ်သည်များကို UN မှလည်း လက်ခံကာ နှစ်ဖက်ညှိနိုင်းမူ အောင်မြင်ခဲ့သည်ဟု ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူများထံမှသိရသည်။


ဆန္ဒဖော်ထုတ်သူများသည် အချက် (၇) ချက်ကို တောင်းဆိုခဲ့ကြသည်ဟု သိရသည်။ တောင်းဆိုခဲ့သည့် အချက်များမှာ

၁။ ဒုက္ခသည်များကို လုံခြုံရေးအစောင့်များ၏ ရိုင်းစိုင်းကြမ်းတမ်းစွာဆက်ဆံမှုကို အဆုံးသတ်ရန်။

၂။ အထင်မြင်သေးခြင်း၊ ခွဲခြားဆက်ဆံခြင်း မပြုဘဲ ဒုက္ခသည်များကို ကောင်းမွန်စွာဆက်ဆံပေးရန်။

၃။ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေများကို သက်ဆိုင်ရာ အမှုကိုင်ဝန်ထမ်းများမှ ဂိတ်ပေါက်တွင် ကောင်းမွန်စွာ လာရောက်စစ်ဆေးပေးပြီး လိုအပ်ပါက ချက်ချင်းအကူအညီပေးရန်။

၄။ ၂၀၁၈ ခုနှစ်အတွင်း ချင်းဒုက္ခသည်များအပေါ် ကဒ်ရပ်ဆိုင်းရေးမူဝါဒကာလအတွင်း UNHCR ကဒ်များ မတရားသိမ်းဆည်းခံခဲ့ ရသော ချင်းဒုက္ခသည်များအား တိုက်ရိုက် ဝင်ရောက်ခွင့်ပြုရန်။

၅။ မိဘမဲ့ကလေးများ၊ ပြုစုစောင့်ရှောက်သူမရှိသော သက်ကြီးရွယ်အိုများနှင့် အရေးပေါ်ဥပဒေဆိုင်ရာ အကာအကွယ် လိုအပ်နေသူများအား ကူညီရေးအတွက် အရေးပေါ်အချက်များအတွက် UNHCR သတ်မှတ်ထားသည့် အရေးပေါ် အချက်များအတွက် ချက်ချင်းတုံ့ပြန်မှုပေးရန်။

၆။ လုံခြုံရေးအစောင့်များ၏ အခန်းကဏ္ဍအား ရှင်းလင်းစွာ ဖော်ပြပေးရန်၊ ၎င်းတို့သည် အမှုတွဲအရာရှိများမဟုတ်သည့်အပြင် ဒုက္ခသည်ကိစ္စများကို ကိုင်တွယ်ခွင့်မပြုရန်။

၇။၂ဝ၁၉/၂၀၂၀ မှတ်ပုံရန်လျှောက်ထားသူများအား မှတ်ပုံတင်ပေးခြင်းကို ပိုမိုလျှင်မြန်စွာဆောင်ရွက်ပေးရန် တို့ဖြစ်သည်။

မြန်မာ ဒုက္ခသည်များကြုံတွေ့နေရသည့်အခက်ခဲများနှင့်ပြဿနာများကို UNHCR ဘက်မှလျှစ်လျူရှုနေ ခြင်းနှင့် ပတ်သက်ပြီးသည်းမခံနိုင်တော့သောကြောင့် က Alliance of Chin Refugees (ACR) မှဦးဆောင်ပြီး ယခုကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒပြ မှုကိုပြုလုပ်ရခြင်းဖြစ်သည်ဟု သိရှိရသည်။

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!