စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအား ဆွေးနွေးရန် ဖိတ်ခေါ်ပြီး နာရီပိုင်းအတွင်း စစ်ကောင်စီက လားရှိုးမြို့ကို ဗုံးကြဲ၍ ဒေသခံ နှစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 79

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၇/ ၂၀၂၄

စစ်ကောင်စီက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအား နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ပြီး နာရီပိုင်းအတွင်းမှာပင် လားရှိုးမြို့ကို ဗုံးကြဲ၍ ဒေသခံ နှစ်ဦး သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

စက်တင်ဘာ ၂၇ ရက်၊ နံနက် ၃ နာရီ ၃၅ မိနစ်မှ ၃ နာရီ ၅၀ မိနစ်အထိ စစ်ကောင်စီက လားရှိုးမြို့ရပ်ကွက် (၂)ရှိ မြို့မစျေးကြီး၊ စျေးအနီးတဝိုက်ရှိ လူနေရပ်ကွက်များနှင့် ရပ်ကွက် (၁) ရှိလူနေရပ်ကွက်များကို ဗုံးကြဲခဲ့ကြောင်း MNDAA ၏ပြန်ကြားရေးမီဒီယာဖြစ်သော ကိုးကန့်သတင်းက ဖော်ပြထားသည်။

“မင်းအောင်လှိုင်အာဏာသိမ်းတပ်၏ တိုက်လေယာဉ်သည် ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ် လုပ်ဆောင်ခဲ့ရာမှာ အနည်းဆုံး ဗုံး ၉ လုံး ကြဲချခဲ့ပြီး အရပ်သား ၂ ဦး သေဆုံးကာ အရပ်သား ၆ ဦး ဒဏ်ရာရရှိကာ ၄ ဦး ဒဏ်ရာအပြင်းအထန် ရရှိကာ လက်ရှိတွင် ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်”ဟု ကိုးကန့်သတင်းက ဖော်ပြထားသည်။



စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ(EROs)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များကို လက်နက်ကိုင်အကြမ်းဖက်သည့်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် စက်တင်ဘာ ၂၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် လားရှိုးမြို့ရှိ လူနေရပ်ကွက်များ ပေါ်သို့ ဗုံးများ ကြဲချ၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးက  “မနက်သုံးနာရီခွဲလောက်က ဗုံးကြဲချတာ။ လူမရှိဘူး။ စျေးကြီးလည်း မဖွင့်သေးဘူး။ လကုန်မှ ဖွင့်မှာ။ ဈေးအကုန်ပျက်စီးသွားတယ်။ ဆုံးရှုံးမှုက များတယ်။ ရပ်ကွက် (၁)က ကြဲသွားတဲ့နေရာများတယ်။ လောလောဆယ် နှစ်ယောက် သေတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်ကလည်း စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အလားတူ စက်တင်ဘာ ၂၄ ရက်ကလည်း လားရှိုးမြို့ (၂) ရပ်ကွက်ရှိ လူနေအိမ်များပေါ်သို့ ဗုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ၁၅ ဦးကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် စက်တင်ဘာ ၂၁ ရက်တွင်လည်း စစ်ကောင်စီက လားရှိုးမြို့ပေါ်ကို ဗုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ-မီးမီးနှင့် ကိုးကန့်မီဒီယာ

 

ဆက်စပ် သတင်းများ