တနင်္လာ၊ စက်တင်ဘာလ ၃၀ရက်၊ ၂၀၂၄

လက်ရှိ ဖိလစ်ပိုင်ပင်လယ်အရှေ့ဘက်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းကြောင့် စက်တင်ဘာ ၃၀ ရက်မှစ၍ အောက်တိုဘာပထမပတ်အတွင်းနိုင်ငံအနှံ့ မိုးပြန်ရွာမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 97

မောင်စာဂ၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၉/၂၀၂၄

လက်ရှိ ဖိလစ်ပိုင်ပင်လယ်အရှေ့ဘက်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းကြောင့် ယနေ့ စက်တင်ဘာ ၃၀ ရက်မှ စတင်ပြီး အောက်တိုဘာလ ပထမပတ်အတွင်းတွင် နိုင်ငံအနှံ့ မိုးပြန်ရွာမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးဝင်းနိုင်က နိရဥ္စရာကို ပြောသည်။

ယင်းသို့မိုးပြန်ရွာရာတွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် အထက်ပိုင်း၊ မန္တလေးတိုင်း အထက်ဘက် သပိတ်ကျင်း၊ မိုးကုတ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအချို့တို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၅ လက်မနှင့်အထက်ရွာသွန်းပြီး မိုးများနိုင်သည်ဟု ပြောသည်။

"၅ လက်မအထက်ဆိုရင် တော်ရုံတန်ရုံ ရေဝပ်တတ်တဲ့ရပ်ကွက်က ရေကြီးသွားနိုင်တာပေါ့"ဟု ပြောသည်။

သို့သော် ရခိုင်ပြည်တွင်ဆိုလျှင် ၂၄ နာရီအတွင်းမိုးရေချိန် နှစ်လက်မခွဲခန့်သာရွာသွန်းနိုင်၍ စိုးရိမ်စရာမရှိဟု ဦးဝင်းနိုင်က ဆိုသည်။

"ရခိုင်ပြည်နယ်မှာဆိုလို့ရှိရင် ငပလီ၊ တောင်ကုတ်ပေါ့နော်။ တောင်ကုတ်ကနေပြီးတော့ ဟိုးအထက်ဘက်၊ ကျနော်တို့ မြောက်ဦးတို့ဘာတို့အထိပေါ့။ နောက်ဆုံး ပြောမယ်ဆိုရင် ချင်းနယ်စပ် မတူပီအထိပေါ့။ အဲဒီအထိမှာမှ ၂၄ နာရီအတွင်းမိုးရေချိန်က နှစ်လက်မခွဲလောက်ပဲ။ နှစ်လက်မခွဲ ဆိုတာက ၆၀ မီလီမီတာလောက်တော့ ရွာနိုင်တယ်။ အဲဒါသည် အောက်တိုဘာ ၁ ရက်၊ ၂ ရက်၊ ၃ ရက်ပတ်ဝန်းကျင်အတွင်းရွာနိုင်တာ။ ရခိုင်မှာက တော်တော်လေးကိုနည်းပါတယ်"ဟု ပြောသည်။

လက်ရှိ ဖိလစ်ပိုင်ပင်လယ်အရှေ့ဘက်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းသည် အောက်တိုဘာ ၁ ရက်မှ ၃ ရက်အတွင်း အားပိုကောင်းလာမည်ဖြစ်ပြီး ယင်း၏အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း ယခုလို မိုးပြန်လည် ရွာသွန်းခြင်းဟု သိရသည်။

" အရှေ့ဖိလစ်ပိုင်ပင်လယ်မှာ အနောက်ဘက်ကို ကနဦးရွေ့လျားနေရာက အရှေ့-အရှေ့မြောက်ဘက်ကို ချိုးကွေ့ရွေ့လျားသွားမဲ့ တိုင်ဖွန်းမုန်တိုင်း "ကာရာသောန်" ကတော့ အားအပြင်းဆုံး CAT-4 တိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်လာနိုင်မယ်လို့ အပြည်ပြည်ဆိုင်ရာ မုန်တိုင်းဖြစ်ပေါ်မှုစောင့်ကြည့်ခန့်မှန်းရေးနဲ့ မုန်တိုင်းအင်အား/လမ်းကြောင်း ဆန်းစစ်အတည်ပြုပေးတဲ့ ဌာနတွေက ခန့်မှန်းအတည်ပြုပေးထားပါတယ်" ဟု ဆရာဦးဝင်းနိုင်၏ လူမှုကွန်ယက်စာမျက်နှာတွင်လည်း ရေးသားထားသည်။

ယင်းအပြင် တရုတ်ပြည်မကြီး၏မြောက်ပိုင်းရှိ မိုးတိမ်တောင်များသည် ယင်းရက်ပိုင်းအတွင်း မြန်မာနိုင်ငံ၏အရှေ့မြောက်ဘက်မှ အလယ်ပိုင်းဒေသများကိုဝင်မည်ဖြစ်၍ ယခုကဲ့သို့ မိုးပြန်ရွာခြင်း ဖြစ်သည်ဟု ဦးဝင်းနိုင်က ပြောသည်။

စက်တင်ဘာလ ဒုတိယပတ်အတွင်းက ဗီယက်နမ်နိုင်ငံတွင်တိုက်ခတ်သွားခဲ့သည့် ရာဂိမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း မိုးများပြီး ရေကြီးရေလျှံဖြစ်ပွားခဲ့သေးသည်။

ယင်းဖြစ်စဥ်ကြောင့် မြန်မာနိုင်ငံအတွင်း လူပေါင်း ၄၀၀ ကျော်သေဆုံးပြီး ရာနှင့်ချီပျောက်ဆုံးကာ အိုးအိမ်အဆောက်အအုံပေါင်း သိန်းနှင့်ချီပျက်စီးဆုံးရှုံးသွားခဲ့ရသည်။

ယင်းဖြစ်စဥ်ဖြစ်ပြီးနောက် မိုးရွာသွန်းမှုရပ်တန့်နေခဲ့ရာမှ ယခုတွင် နိုင်ငံအနှံ့ မိုးပြန်လည် ရွာသွန်းဦးမည် ဖြစ်သည်။



ဆက်စပ် သတင်းများ