တနင်္လာ၊ အောက်တိုဘာလ ၇ရက်၊ ၂၀၂၄

NLD ပါတီ ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကွယ်လွန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 129

နိရဉ္စရာ၊ အောက်တိုဘာ ၇/၂၀၂၄

NLD ပါတီ ဒုတိယဥက္ကဋ္ဌ ၊မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် သည် ယနေ့ အောက်တိုဘာ( ၇)ရက်၊ နံနက် ၃ နာရီတွင် ကွယ်လွန်သွားသွားကြောင်း ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ယုယုမေ ကအတည်ပြုပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဒုတိယဥက္ကဋ္ဌ ၊မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် ယနေ့ အောက်တိုဘာ(၇)ရက်၊ နံနက်( ၃)နာရီအချိန်တွင် မန္တလေး ပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန်သွားကြောင်း ဒေါက်တာ ဇော်မြင့်မောင် ၏ ဇနီးဖြစ်သူ ဒေါက်တာဒေါ်ယုယုမေ က အတည်ပြုပြောဆိုခဲ့သည်။

ဒေါက်တာ ဇော်မြင့်မောင်ကွယ်လွန်သွားမှုနှင့်ပတ်သက်ပြီးဇနီးဖြစ်သူ ဒေါက်တာဒေါ်ယုယုမေ က "ရှင်ကွဲကွဲရာမှ ၊ ထာ၀ရခွဲခွာသွား ပါပြီ ၊ နံနက် (၃း၀၀)၊အောက်တိုဘာ (၇)" ဟု ၄င်း၏ ဖေ့ဘုတ် လူမှုကွန်ရက်တွင်ရေးသားခဲ့သည်။

သွေးကင်ဆာရောဂါ ဝေဒနာခံစားနေရသူ ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးပြည်သူဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်(ICU)တွင် ဆေးကုသမှုခံယူနေခဲ့ရသည်။

ဒေါက်တာဇော်မြင့်မောင်သည် အောက်တိုဘာလ( ၅)ရက်ကတည်းက အောက်ဆီဂျင်ပေးထားရပြီး သတိလစ်မေ့မျောနေခဲ့သော်လည်း အောက်တိုဘာလ ၆ ရက် ည ၉ နာရီခွဲ ဝန်းကျင်တွင် သတိပြန်တစ်ချက်လည် လာခဲ့သေးသည်ဟုသိရသည်။

"ဆရာက သတိလေးတော့ ပြန်ရလာသေးတယ်။ ဒါပေမယ့်ဒီနေ့ မနက်(၃:၀၀) နာရီမှာဘဲ ဆရာ ဆုံးသွားခဲ့ ပါတယ် ” ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးကအတည်ပြုပြောဆိုသည်။

ဒေါက်တာဇော်မြင့်မောင် သည် ဆေးရုံကြီးတွင်တက်ရောက်ကုသနေစဥ် အတွင်း အောက်တိုဘာလ (၆)ရက်၊ ညနေပိုင်း တွင် ၎င်းအားပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း အမိန့်စာကို သက်ဆိုင်ရာက ဆေးရုံသို့ လာရောက်ဖတ်ကြားသွားခဲ့သည်ဟုသိရသည်။


လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပြီး (၂၄)နာရီအချိန်မပြည့်မီအချိန်တွင်ပင်ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း NLD အဖွဲ့၀င်တစ်ဦးက ပြောဆိုသည်။

ဒေါက်တာ​ဇော်မြင့်​မောင်၏ ရုပ်အလောင်း ကို ပြည်ကြီးတံခွန်မြို့နယ်ရှိ ၄င်း၏ ဖခင်နေ အိမ်သို့သယ်​ဆောင်သွားပြီဖြစ်​ကြောင်း ၊ နာရေးကိစ္စနှင့်ပတ်သက်မှုကို မည်သို့ဆက်လက်စီစဉ်မည်ဆိုသည်ကိုတော့ မသိရသေးကြောင်း၄င်းက ဆက်လက်ပြောဆိုသည်။

သွေးကင်ဆာရောဂါဝေဒနာ ခံစားနေရသည့် ဒေါက်တာဇော်မြင့်မောင်သည် ၊ ၄င်း သေဆုံးသွားချိန်တွင် အသက်( ၇၃)နှစ်အရွယ်ရှိ ပြီဖြစ်သည်။

စစ်ကောင်စီ သည် ၂၀၂၁ ခုနှစ်အာဏာသိမ်းယူခဲ့ပြီးနောက်တွင် ဒေါက်တာဇော်မြင့်မောင်အား နိုင်ငံတော် အကြည်ညိုပျက်စီးစေမှု၊ အဂတိလိုက်စားမှုများအပါအဝင် အခြားသော အမှုများစွာဖြင့် မတရား ဖမ်းဆီးကာ၊ ထောင်ဒဏ် (၂၉) နှစ် ပြစ်ဒဏ် ချမှတ်ခံထားရသူဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အမရပူရမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။

၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ၄င်းရွေးချယ်ခံခဲ့ရသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမရပူရမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွက် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာခဲ့သူဖြစ်သည်။

ထို့အပြင် ဒေါက်တာဇော်မြင့်မောင်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ၏ ဒုတိယဥက္ကဋ္ဌ လည်းဖြစ်သည်။

ဆက်စပ် သတင်းများ