တနင်္လာ၊ အောက်တိုဘာလ ၂၁ရက်၊ ၂၀၂၄

လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာတွင် မိုးဆက်လက်ကြီးနိုင် (ရခိုင်အပါအဝင် နေရအချို့တွင် ရေကြီး၊ရေလျှံမှုနှင့်မြေပြိုမှုကိုသတိထားရန်လို)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 261

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၁/၂၀၂၄

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတို့တွင် ဖြစ်ပေါ် နေသော လေဖိအားနည်းဆဲလ်သည် ပိုမိုအားကောင်းလာပြီး၊ လေဖိအားနည်း ရပ်ဝန်း(Low Pressure Area)အဖြစ်သို့ ရောက်ရှိ နေသည်ဟု မိုး/ဇလက သတင်း ထုတ်ပြန်ထားသည်။

ယနေ့ အောက်တိုဘာ ၂၁ ရက်နေ့မြန်မာစံတော်ချိန် နံနက် ၉နာရီခွဲ တိုင်းတာချက်အရ   အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ၂၂-၁၀-၂၀၂၄ ရက်နေ့တွင် မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ဆိုသည်။

အောက်တိုဘာ ၂၃ ရက်နေ့တွင် ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm) အဖြစ်သို့လည်းကောင်း ရောက်ရှိ နိုင်သည်ဟု ခန့်မှန်း ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ အောင်တိုဘာ ၂၁ရက်နေ့ နံနက်မှ ၂၄  ရက်နေ့အတွင်း ရခိုင်အပါအဝင်  နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊  ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါကြောင်းဆိုသည်။

"မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည်" ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ပါရန်  မိုး/ဇလမှ သတိပေးနှိုးဆော်ထားသည်။

" မိုးနှောင်းကာလက စက်တင်ဘာ ၁ရက်နေ့ကနေ အောက်တိုဘာ ၁၀ရက်နေ့အထိ မိုးနှောင်း ကာလထဲမှာရှိတယ်။ပြီးတော့ အနောက်တောင်မုတ်သုံလေ ဆုတ်ခွာမယ့်ရက်က အောက်တိုဘာ ၁၅ ရက်နေ့လောက်ကို ဆုတ်တယ်။ မုတ်သုံဆုတ်တဲ့အချိန်မိုးများတတ်တယ်။ မိုးနှောင်းကာလ အတွင်းမှာလဲ မိုးများတတ်တယ်။ပြီးခဲ့တဲ့ ရေကြီးတဲ့ဖြစ်စဉ်တော်တော်များများက ဒီမိုးနှောင်း ကာလထဲမှာ ဖြစ်ပါတယ်။ မိုးနှောင်းကာလပြီးရင် မိုးလွန်ကာလထဲကို ဝင်တဲ့အချိန် ဒါသတိထားရမယ်" ဟု မိုးလေဝသပညာရှင်ဦးဝင်းနိုင်က နိရဉ္စရာကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးပတ်နှင့် သြဂုတ်လအစောပိုင်းတို့ကလည်း တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေများမြင့်တက်မှုကြောင့် ရေကြီးရေလျှံဖြစ်ပွားခဲ့သေးသည်။

ပြီးခဲ့သည့် စက်တင်ဘာလအလယ် လောက်ကလည်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးခဲ့မှု‌ ကြောင့် မင်းပြားမြို့နယ်တွင် ရေဘေးဒဏ်ကြောင့် ချင်းအမျိုးသားတစ်ဦး သေဆုံးပြီး ကျေးရွာပေါင်း ၂၀ ခန့် မှ နေအိမ် အလုံးပေါင်း ၃၀၀ ခန့်ပျက်စီးခဲ့ကာ လူဦးရေ ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြကြောင်း သိရသည်။

ဆက်စပ် သတင်းများ