မောင်စာဂ၊ နိရဥ္စရာ၊ အောက်တိုဘာ ၂၈/၂၀၂၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဖမ်းဆီးခံထား၇သည့် သတင်းသမားနှစ်ဦးအား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ပြန်လွှတ်ပေးလိုက်ပြီဟု သိ၇သည်။
KIA က လွှတ်ပေးလိုက်သည့် သတင်းသမားနှစ်ဦးမှာ ဖားကန့်အခြေစိုက် Red News Agency ၏သတင်းထောက် ကိုတာလင်းမောင်နှင့် ဖားကန့်အခြေစိုက် အလွတ်တန်း သတင်းထောက်ကိုနောင်ရိုးတို့ဖြစ်သည်။
သူတို့သည် ယမန်နေ့ အောက်တိုဘာ ၂၇ ရက်တွင်လွတ်မြောက်လာခြင်းဖြစ်သည်ဟု ကိုနောင်ရိုးက သူ၏လူမှုကွန်ရက်စာမျက်နှာတွင်ယမန်နေ့ မွန်းတည့် ၁၂ နာရီက အသိပေး ရေးသားထားသည်။
"ကျွန်တော်နဲ့ ကိုတာလင်းမောင် နေကောင်း၊ကျန်းမာစွာနဲ့ ပြန်လည်လွတ်မြောက်ခဲ့ပါပြီ၊ကူညီစောင့်ရှောက်ပေးခဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်၊ခင်ဗျာ"ဟု ရေးသားဖော်ပြထားသည်။
သူတို့နှစ်ဦးကို KIA က ပြီးခဲ့သည့် စက်တင်ဘာ၂၉ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တစ်လခန့်အကြာတွင် လွတ်မြောက်လာခြင်းဖြစ်သည်။
ယင်းအချိန်က ကိုတာလင်းမောင်သည် KIA/KIO နှင့်ပတ်သက်သည့်ပို့စ်တစ်ခုကို သူ၏လူမှုကွန်ရက်တွင် တင်မိရာမှ ဖမ်းဆီးခံခဲ့ရပြီး ကိုနောင်ရိုးမှာကိုတာလင်းမောင်နောက်သို့ လိုက်ပါသွားစဥ် ထပ်မံဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိ၇သည်။
သူတို့ကိုဖမ်းဆီးပြီးနောက် အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း သတင်းမီဒီယာအသိုင်းအဝိုင်းနှင့်မီဒီယာအဖွဲ့အစည်းများက တိုက်တွန်းတောင်းဆိုထားကြသည်။
သူတို့နှစ်ဦးအနက် ကိုတာလင်းမောင်သည် အာဏာမသိမ်းခင်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်သတင်းထောက်လုပ်ကိုင်ခဲ့ပြီး အာဏာသိမ်းပြီးနောက်အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဝင်ထားသူဖြစ်သည်။
အလားတူ ကိုနောင်ရိုးသည် အာဏာသိမ်းခါစ ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်တွင်စစ်ကောင်စီထံ ဖမ်းဆီးခံရပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ -က ဖြင့်တရားစွဲဆိုခံ၇ပြီးနောက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ပြန်လွတ်မြောက်လာခဲ့သူဖြစ်သည်။
ဓာတ်ပုံ - ကိုနောင်ရိုး (ဝဲ)နှင့် ကိုတာလင်းမောင်(ယာ)အားတွေ့၇စဥ်။ (Photo- ကိုတာလင်းမောင်နှင့် ကိုနောင်ရိုး၏ facebook)