Preview

ကမ္ဘာတွင် သတင်းသမားများအတွက် လုံခြုံမှုအကင်းမဲ့ဆုံး ထိပ်ဆုံး ငါးနိုင်ငံတွင် မြန်မာပါဝင်

လွန်ခဲ့သော ၂၅ ရက် က | ကြည့်ရှုသူ :523
ပြည်တွင်း သတင်း

မောင်စာဂ၊နိရဥ္စရာ၊ အောက်တိုဘာ ၂၈/၂၀၂၄

တစ်ကမ္ဘာလုံးတွင်သတင်းသမားများအတွက် လုံခြုံမှုအကင်းမဲ့ဆုံး ထိပ်ဆုံး ငါးနိုင်ငံ၌မြန်မာနိုင်ငံပါဝင်သည်ဟု သိ၇သည်။

ပြင်သစ်နိုင်ငံအခြေစိုက်နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)၏၂၀၂၄ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းတွင်ယခုကဲ့သို့ ဖော်ပြလာခြင်းဖြစ်သည်။

အဆိုပါစစ်တမ်းတွင်ကမ္ဘာတစ်ဝန်း သတင်းသမားများအတွက် လုံခြုံမှုမရှိသည့်နိုင်ငံပေါင်း ၃ရနိုင်ငံရှိသည်ဟု ဆိုထားသည်။

အဆိုပါ၃၇ နိုင်ငံအတွင်း သတင်းသမားများအတွက်လုံခြုံမှုအကင်းမဲ့ဆုံး ထိပ်ဆုံးတွင်ရှိသည့် ငါးနိုင်ငံတွင် မြန်မာနိုင်ငံလည်းပါဝင်နေခြင်းဖြစ်သည်။

လုံခြုံမှုအကင်းမဲ့ဆုံးထိပ်ဆုံးတွင်ရှိသည့် နိုင်ငံ ငါးနိုင်ငံမှာ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊အီရတ္ထရီးယား၊ မြန်မာနှင့်အီရန်တို့ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင်စစ်တပ်က အာဏာသိမ်းလိုက်သည့်၂၀၂၁ ခုနှစ်နောက်ပိုင်းမှစတင်ကာ ယခုအချိန်ထိ သတင်းသမားများအတွက် လုံခြုံမှုအလွန်တရာကင်းမဲ့နေပြီး အသက်အန္တရာယ်များပါ စိုးရိမ်နေကြရသည်ဟုသတင်းသမားအသိုင်းအဝိုင်းက တညီတညွတ်တည်းပြောဆိုကြသည်။

မြန်မာ့သတင်းစာဆရာတစ်ဦးဖြစ်သူမဇ္ဈိမသတင်းဌာနမှ သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ဆရာဦးစိန်ဝင်းက "စစ်ကောင်စီက သတင်းသမားဆိုလို့ရှိရင်သူ့ဘက်ကနေပြီးတော့ သူ့အလိုကျရေးတာ၊ သူ့ကို မဝေဖန်တာ၊သူ့ကိုအကောင်းပြောတာကိုပဲ သူက လက်ခံနိုင်ပြီးတော့ သတင်းကို သတင်းနဲ့တူအောင်ရေးပြီဆိုရင် သူကလက်မခံဘူး။ ဖမ်းမယ်၊ ဆီးမယ်၊ ထောင်ချမယ်၊ နှိပ်စက်မယ်။အဲဒါမျိုးတွေ အကုန်လုပ်တာပေါ့နော်။ ဒီစစ်ကောင်စီက တရားမျှတမှုတွေ၊သတင်းလွတ်လပ်ခွင့်တွေဆိုတာ သူတို့မှာ ဘာမှ မရှိဘူး"ဟု နိရဥ္စရာကို ပြောသည်။

ကမ္ဘာတွင်သတင်းမီဒီယာလွတ်လပ်ခွင့် ၄၀ ရာခိုင်နှုန်းမှ သုညရာခိုင်နှုန်းအထိ သတင်းမီဒီယာလွတ်လပ်ခွင့်အနည်းဆုံး၃၆ နိုင်ငံထဲတွင်လည်း မြန်မာနိုင်ငံပါဝင်သည်ဟု RSF ၏ အညွှန်းကိန်းတွင် ဆက်လက်ဖော်ပြထားသည်။

ရခိုင်မှအမျိုးသမီးသတင်းထောက် မခင်သရဖီဦးကလည်း မြန်မာနိုင်ငံတွင်သော်လည်းကောင်း၊ ရခိုင်တွင်သော်လည်းကောင်း သတင်းသမားများလုံခြုံမှုမရှိသည်မှာ အစိုးရ အဆက်ဆက်ကပင်ဖြစ်သည်ဟု နိရဥ္စရာကို ပြောသည်။

"အခု အာဏာသိမ်းပြီးနောက်ပိုင်း ပိုဆိုးလာတာပေါ့။သတင်းထောက်လုပ်တယ်ဆိုတာကိုတောင် လျှို့ဝှက်ပြီး လုပ်နေရတဲ့အနေအထားပေါ့။ အခုလွတ်မြောက်နယ်မြေတွေမှာလည်း တူတူပဲ။သတင်းသမားတွေအတွက်လွတ်လပ်မှု၊ လုံခြုံမှုက မရှိသလောက်ပါပဲ"ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးသုံးနှစ်ကျော်အတွင်း စစ်ကောင်စီ၏ ညှဉ်းပမ်းနှိပ်စက်ခံရမှုများကြောင့်သေဆုံးခဲ့သော သတင်းသမားနှင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဦးရေ (၁၁) ဦးအထိရှိပြီး ထိုသူတို့သည်အမျိုးသားများဖြစ်သည်ဟု အသံအဖွဲ့က ပြီးခဲ့သည့်စက်တင်ဘာလအတွင်း ထုတ်ပြန်ထားသည်။

RSF ကလည်း မြန်မာနိုင်ငံတွင်စစ်တပ်အာဏာသိမ်းပြီးချိန်မှ ယခုထိ သတင်းသမား ၆၂ ဦး ဖမ်းဆီးထောင်ချခံထားရသည်ဟုထုတ်ပြန်ထားသည်။

စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ)ကလည်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယအများဆုံးသတင်းသမားဖမ်းဆီးခံ၇သည့်နိုင်ငံဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

အလားတူ မြန်မာနိုင်ငံသည် နှစ်ပေါင်း ၃၀ ကျော်အတွင်းသတင်းသမားများ ဖိနှိပ်ခံရမှု စံချိန်တင်နေသည်ဟုမြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar)က ၂၀၂၂ ခုနှစ်၊မေ၂ ရက်တွင် ထုတ်ပြန်ခဲ့ဖူးသည်။

ဓာတ်ပုံ- စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်က ရန်ကုန်ဆန္ဒပြပွဲကို စစ်တပ်ကဖြိုခွဲစဉ် သတင်းသမားများကို တွေ့၇စဉ်။ 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.