ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၃၀ရက်၊ ၂၀၂၄

စစ်အာဏာရှင်ကို တိုက်ထုတ်ရန် ကယန်းအမျိုးသားတပ်မတော်(KNA)ကို ဖွဲ့စည်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 119

မောင်စာဂ၊ နိရဥ္စရာ၊ အောက်တိုဘာ ၃၀/၂၀၂၄

စစ်အာဏာရှင်ကို တိုက်ထုတ်ရန်အတွက် ကယန်းအမျိုးသားတပ်မတော်(Kayan National Army-KNA)ကို ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

ကယားပြည်နယ် (ကရင်နီ)ပြည်တွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံဒေသနှင့် အခြား ကယန်းဒေသများရှိ ပြန့်ကြဲနေသည့် ကယန်းလက်နက်ကိုင်တပ်ဖွဲ့များကို ပြန်လည်ပေါင်းစည်းပြီး ယခုကဲ့သို့ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု KNA က ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်တွင် ထုတ်ပြန်သည်။

"ကယန်းအမျိုးသားတပ်မတော်ကို အခြေခံမူ (၉) ချက်၊ အမျိုးသားရည်မှန်းချက် (၅ )ချက်၊ သစ္စာအဓိဋ္ဌာန် (၄)ချက်တို့ဖြင့် ဖွဲ့စည်းပြီးစည်းကြောင်း ကြေညာအပ်ပါသည်"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNA ၏ အခြေခံမူ (၉) ချက်မှာ ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းတည်ဆောက်ရေး၊ ကယန်းလက်နက်ကိုင်တပ်ဖွဲ့ဝင်များ တစ်စုတစ်စည်းတည်း ပြန်လည်ပေါင်းစည်းရေး၊ ကယန်းပြည်သူအပါအဝင် အဖိနှိပ်ခံဘဝတူ ပြည်သူတစ်ရပ်လုံး ကာကွယ်ပေးရေး၊ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်ဟူသမျှ တိုက်ဖျက်ရေး၊ စစ်ရေးမဟာမိတ်တည်ဆောက်ရေး၊ မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး၊ ကျဥ်းမြောင်းသောအမျိုးသားရေးဝါဒ ဆန့်ကျင်ရေး၊ ဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးတို့ဖြစ်သည်။

အလားတူ KNA ၏ အမျိုးသားရည်မှန်းချက် (၅)ချက်မှာ ကယန်းတစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ရရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖော်ဆောင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးတိုက်ဖျက်ရေး၊ ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံးရေးနှင့် ပြည်နယ်/လူမျိုးကိုအခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့ဖြစ်သည်။

KNA ၏ သစ္စာအဓိဋ္ဌာန် (၄)ချက်တွင် KNA သည် ကယန်းဒေသအတွင်းရှိ တော်လှန်ရေးတွင် ဦးဆောင် ပါဝင်နေသူများနှင့် ကော်မတီတစ်ရပ် စုစည်းဖွဲ့စည်းကာ KNA ကို ဦးဆောင်သွားမည်ဟု ဖော်ပြထားသည်။

KNA သည် လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံဒေသနှင့် အခြား ကယန်းဒေသများရှိ ပြန့်ကြဲနေသည့် ကယန်းလက်နက်ကိုင်တပ်ဖွဲ့များကို တစ်စုတစ်စည်းတည်း အကြမ်းဖက်စစ်ကောင်စီကို တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

KNA သည် အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်တိုက်ပွဲဝင်နေသော မည်သည့်တော်လှန်ရေးလက်နက်ကိုင်အင်အားစုနှင့်မဆို အတူလက်တွဲပြီး တိုက်ပွဲဝင်သွားမည်ဟု ဖော်ပြထားသည်။

KNA သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပြည်ထောင်စုအစိုးရအဖြစ် အသိအမှတ်ပြုပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းနိုင်ရန် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟုလည်း KNA ၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ဓာတ်ပုံ - ကယန်းအမျိုးသားတပ်မတော်(KNA)ဖွဲ့စည်းသည့်အခမ်းအနားမြင်ကွင်း။ (Photo - KNA)

ဆက်စပ် သတင်းများ