ဂျွန်နသန်၊ နိရဉ္စရာ၊ နိုဝင်ဘာ၂၂/၂၀၂၄
၂၀၂၃ ခုနှစ်အတွင်းကမ္ဘာတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုအများဆုံးနိုင်ငံများအထဲတွင် မြန်မာနိုင်ငံကအဆင့်(၁)နေရာတွင်ပထမဆုံးအကြိမ် ရပ်တည်ခဲ့ကြောင်းသိရသည်။
မြေမြှုပ်မိုင်းများ တားဆီးပိတ်ပင်ရေး နိုင်ငံတကာ လှုပ်ရှားမှုအဖွဲ့(ICBL)သည်မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအစီရင်ခံစာ (Landmine Monitor 2024) ကို နိုဝင်ဘာ(၂၀)ရက်ကထုတ်ပြန်ခဲ့ရာတွင် မြန်မာနိုင်ငံသည်မြေမြှုပ်မိုင်းကြောင့် ၂၀၂၃ ခုနှစ်အတွင်း ထိခိုက်သေဆုံးမှုအများဆုံးနိုင်ငံအဖြစ်ရပ်တည်ခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ပွဲအကြွင်းအကျန်များကြောင့်သေဆုံး၊ဒဏ်ရာရသူ (၅၇၅၇) ဦးထက်မနည်း ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် သေဆုံး၊ဒဏ်ရာရသူ (၁,၀၀၃) ဦးထိရှိခဲ့ရာသေဆုံး၊ဒဏ်ရာရမှုအများဆုံး နိုင်ငံအဖြစ်ပထမဆုံးအကြိမ်မှတ်တမ်းဝင်ခဲ့သည်။
အရပ်သားများသည်ထိခိုက်မှုဒဏ်ကို ဆက်လက် ခံစားနေကြရပြီး၊မှတ်တမ်းများအရ (၈၄)ရာခိုင်နှုန်းသည် အရပ်သားများ ဖြစ်ကြပြီး၊ကလေးများသည် အရပ်သားသေဆုံးမှုအားလုံး၏ သုံးပုံတစ်ပုံကျော်ထိရှိသည်။
သို့သော်လည်း နိုင်ငံအများအပြားတွင် မြေမြှုပ်မိုင်းဒဏ်ခံရသူများအား ကူညီဆောင်ရွက်ပေးသည့် အစီအစဉ်များအတွက်အကန့်အသတ်များရှိနေပြီး အချို့ကိစ္စရပ်များတွင် ဝန်ဆောင်မှုများ လျော့နည်းကျဆင်းသွားရသည်ဟုဆိုသည်။
မြန်မာနိုင်ငံ၊ ရုရှားနိုင်ငံနှင့် အခြားနိုင်ငံများသည် မြေမြှုပ်မိုင်းများ ကိုဆက်လက်သုံးစွဲနေခြင်းသည် မြေမြှုပ်မိုင်းများကို တားမြစ်ပိတ်ပင်ထားသည့် နိုင်ငံတကာသဘောတူစာချုပ်မှ ချမှတ်ထားသော စံချိန်စံညွှန်းများကို လိုက်နာကျင့်သုံးကြဖို့ အရေးတကြီး လိုအပ်နေသည်ကို ပြသနေခြင်းပင်ဖြစ်ကြောင်း မြေမြှုပ်မိုင်းများ တားဆီးပိတ်ပင်ရေး နိုင်ငံတကာ လှုပ်ရှားမှုအဖွဲ့ (ICBL)၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းများ ဆက်လက်အသုံးပြု နေသည့် နိုင်ငံများစာရင်းတွင်ဆက်လက်ပါ၀င်နေကြောင်းမြေမြှုပ်မိုင်းစောင့်ကြည့်ရေး အစီရင်ခံစာ ၂၀၂၄ တွင်ဖော်ပြထားသည်။ Source/ ICBL