Preview

လက်နက်ကိုင်ပဋိပက္ခများကြားမှာ အသက်ဆုံးရှုံးရသည့် အမျိုးသမီးအချိုးအစား နှစ်ဆတိုးလာဟု အမေရိကန်သံရုံးထုတ်ပြန်

အေးမြတ်ခိုင် | ဒီဇင်ဘာ ၀၄/ ၂၀၂၄ | ကြည့်ရှုသူ :545
ဂျန်ဒါ

(ရခိုင်ပြည်အတွင်း စစ်ဘေးရှောင် ၅၅၃,၆၉၆ ဦးအနက် ၃၁၃,၂၁၃ ဦးမှာအမျိုးသမီးများဖြစ်ကြောင်း HDCO အစီရင်ခံစာတွင်ဖော်ပြ)

အေးမြတ်ခိုင်၊ နိရဥ္စရာ၊ ဒီဇင်ဘာ ၄/ ၂၀၂၄

မြန်မာနိုင်ငံအတွင်းလက်နက်ကိုင်ပဋိပက္ခများကြားမှာ အသက်ဆုံးရှုံးခဲ့ရသည့်အမျိုးသမီးအချိုးအစား နှစ်ဆတိုးလာကြောင်း အမေရိကန်သံရုံး(ရန်ကုန်)က ယနေ့ဒီဇင်ဘာလ ၄ ရက်တွင် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရလက်နက်ကိုင်ပဋိပက္ခများကြားမှာ အသက်ဆုံးရှုံးခဲ့ရသည့်အမျိုးသမီးအချိုးအစားသည် ၂၀၂၂ ခုနှစ် နှင့် ယှဥ်လျှင် ၂၀၂၃ ခုနှစ်မှာနှစ်ဆတိုးလာခဲ့ပြီး ပဋိပက္ခနှင့်ဆက်နွှယ်ပြီးသေဆုံးခဲ့ရသူများ၏ ၄၀% မှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။ 

ယင်းအပြင် ကုလသမဂ္ဂက အတည်ပြုထားသော ပဋိပက္ခနှင့်ဆက်နွှယ်ပြီးဖြစ်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ရပ်များလည်း ၅၀ ရာခိုင်နှုန်း တိုးလာသည်ဟု ဖော်ပြထားသည်။

စစ်ပွဲဖြစ်နေသည့်နေရာများမှ အမျိုးသမီးများ နှင့် မိန်းကလေးငယ်များကို အကာအကွယ်ပေးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ ၄င်းတို့တက်ကြွစွာပူးပေါင်းပါဝင်နိုင်ရေး သေချာစေဖို့ အရေးတကြီးလိုအပ်နေကြောင်းကို ယခုကဲ့သို့စိုးရိမ်ဖွယ်ရာအနေအထားက မီးမောင်းထိုးပြနေသည်ဟု အမေရိကန်သံရုံး(ရန်ကုန်)က ဖော်ပြသည်။

ယင်းအပြင်ကျား/မ အခြေပြု အကြမ်းဖက်မှုသည် အကြမ်းဖက်ခံရဖူးသည့် သန်းပေါင်းများစွာသောလူပုဂ္ဂိုလ်များ၏ ဘေးကင်းရေး၊ ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးများအပြင်ပြည်သူ့ကျန်းမာရေး၊ စီးပွားရေးတည်ငြိမ်မှုနှင့်နိုင်ငံများ၏လုံခြုံရေးကိုပါ ထိခိုက်စေသည်ဟု ထုတ်ပြန်ချက်မှာပါရှိသည်။

အမျိုးသမီးများ နှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် အမျိုးသားများပါဝင်ဆောင်ရွက်ဖို့ကိုလည်း အမေရိကန်သံရုံး(ရန်ကုန်) က တိုက်တွန်းသည်။ 

လူသားချင်းစာနာထောက်ထားရေး နှင့် ဖွံဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး( HDCO) ၏ ထုတ်ပြန်ချက်အရရခိုင်ပြည်အတွင်းမှာလည်းစစ်ဘေးရှောင် ၅၅၃,၆၉၆ ဦးအနက် ၃၁၃,၂၁၃ ဦးမှာအမျိုးသမီးများ ဖြစ်ကြပြီး စစ်ဘေးရှောင်လူဦးရေ၏ ( ၅၇ % )မှာအမျိုးသမီးများဖြစ်ကြသည်ဟုသိရသည်။

တစ်နှစ်တာ စစ်ရေးပဋိပက္ခအတွင်းရခိုင်တွင် သေဆုံးသည့်အမျိုးသမီး ၂၁၈ ဦး၊ ဒဏ်ရာရရှိသည့် အမျိုးသမီး ၆၁၄ ဦးနှင့်ဖမ်းဆီးခံထားရသည့် အမျိုးသမီး ၁၀၅ ဦး အထိရှိကြောင်းHDCO၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

 

#စစ်ဘေး#အမျိုးသမီးအရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.