ဂျွန်နသန်၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၂၂/၂၀၂၄
ဘင်္ဂလာနှင့် ထိစပ်နေသည့် နယ်စပ်ဒေသသည် မြန်မာစစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင်မရှိတော့ကြောင်း ၊ အရက္ခတပ်တော်(AA) ၏ ထိန်းချုပ်မှု အောက်သို့ကျရောက်သွားပြီဖြစ်ကြောင်း ကို မြန်မာစစ်အစိုးရထံ သတိပေးခဲ့ကြောင်းဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး၀န်ကြီးဌာန၏ အကြံပေးဖြစ်သူ က ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ဒီဇင်ဘာ(၁၉)ရက်က ကျင်းပခဲ့သည့် မြန်မာ့အရေးနှင့်ပတ်သက်သည့် (၆)နိုင်ငံအလွတ်သဘောဆွေးနွေးပွဲတွင် နယ်စပ်ဒေသသည် မြန်မာစစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင်မရှိတော့ကြောင်း ကို မြန်မာစစ်အစိုးရထံ သတိပေး စကားပါးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး၀န်ကြီးဌာန၏ အကြံပေးဖြစ်သူ Md Touhid Hossain က သတင်းထောက်များအား ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု The Financial Express က ဒီဇင်ဘာ(၂၂)ရက်တွင် သတင်းဖော်ပြသည်။
“နယ်စပ်ဒေသက ခင်ဗျားတို့(မြန်မာစစ်အစိုးရ) ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူးလို့ မြန်မာ(စစ်အစိုးရ)ထံ ကျွန်တော် အကြောင်းကြားခဲ့ပါ တယ်။ အခု အာရက္ခတပ်တော်(AA)လို အစိုးရအဖွဲ့အစည်းမဟုတ်တဲ့ အင်အားစုတွေက နယ်စပ်ကိုချုပ်ကိုင်ထားတယ်။ နိုင်ငံအဆင့်တစ်ခုအနေနဲ့သူတို့နဲ့ ထိတွေ့ဆက်ဆံလို့ မရဘူး။မြန်မာ(စစ်အစိုးရ) အနေနဲ့ နယ်စပ်နဲ့ ရခိုင်အရေးကိစ္စတွေကို ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်"ဟု Hossain က သတင်းထောက်များအားပြောကြားခဲ့သည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး ဖြေရှင်းရန်အတွက် နယ်စပ်ကို ထိန်းချုပ်ရန်ကြိုးပမ်းလုပ်ဆောင် နေကြောင်းမြန်မာဘက်ကပြန်လည်ဖြေကြားခဲ့ကြောင်း Hossain က ဆက်လက်ပြောဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ရဲ့ မူဝါဒအရ နောက်ထပ် ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ထပ်မံဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း မြန်မာစစ်အစိုးရထံထပ်မံအသိပေးခဲ့သည်ဟု ၎င်းကထပ်လောင်းပြောဆိုခဲ့သည်။
သို့သော်လည်း အခြေအနေ အရပ်ရပ်ကြောင့် တရားမ၀င်သော လမ်းကြောင်းများမှ နည်းလမ်း အမျိုးမျိုးဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ၀င်ရောက်လာခဲ့သူ ၆၀,၀၀၀ ကို မဖြစ်မနေ လက်ခံခဲ့ရကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။
“သူတို့ဟာ လမ်းကြောင်းတစ်ခုတည်းကနေ ဝင်ရောက်လာ တာမဟုတ်ဘူး၊ လမ်းကြောင်းအမျိုးမျိုးကိုသုံးပြီး ဖြတ်ကျော်၀င်ရောက် လာတာဖြစ်တဲ့အတွက်လည်း တားဆီး ရပ်တန့်ဖို့အင်မတန်မှခက်ခဲပါတယ်” ဟု Hossain က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့်ရိုဟင်ဂျာအကြပ်အတည်းကို ဖြေရှင်းခြင်းမရှိဘဲ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ခဲယဉ်းနေဦးမည်ဟု Hossain က ဆွေးနွေးပွဲတွင် အလေးပေးပြောကြားခဲ့သည်ဟုဆိုသည်။ Source/The Financial Express