နိရဉ္စရာ၊ ဒီဇင်ဘာ ၂၅/ ၂၀၂၄
ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ကျရောက်ခဲ့သည့် (၇၇) နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားတွင် စစ်ကောင်စီက အသစ် တည်ဆောက်သည့် (၁၃၅) မီတာအရှည်ရှိ ဖရီဂိတ်စစ်ရေယာဉ်ကြီးအား ပဒေသရာဇ်ခေတ်က ရခိုင်နှင့် မွန်ကို နှိမ်နှင်းခဲ့သည့် ဗမာဘုရင်တစ်ပါးဖြစ်သည့် “သာလွန်မင်း” အမည်ကို ပေးအပ်ခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါ စစ်ရေယာဉ်ရေချခြင်းနှင့် အမည်ပေးခြင်း အခမ်းအနားသို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ပြီး ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ တပ်မတော်(ရေ) က တည်ဆောက်သည့် အဆိုပါ ဖရီဂိတ်စစ်ရေယာဉ်အား “ သာလွန်မင်း” ဟု အမည်ပေးရခြင်းမှာ နိုင်ငံ၏ ပြည်တွင်းရန်ကို နှိမ်နှင်းခြင်း၊ ပြည်ပရန်ကို ကာကွယ်ခြင်းနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် စံနှုန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် သာလွန်မင်းတရားကြီးကို ဂုဏ်ပြုသောအားဖြင့် စစ်ရေယာဉ်ကြီးအား “သာလွန်မင်း” ဟု အမည်ပေအပ်ခြင်းဖြစ်သည်ဟု စစ်ကောင်စီပိုင် သတင်းစာများတွင် ရေးသားဖော်ပြသည်။
“သာလွန်မင်း” နှင့် ပတ်သက်ပြီး ဝီကီပီးဒီးယားတွင် အောက်ပါအတိုင်းရေးသား ဖော်ပြထားသည်။
“ သာလွန်မင်း (၁၇ ဇွန် ၁၅၈၄ – ၂၇ ဩဂုတ် ၁၆၄၈) သည်တောင်ငူမင်းဆက်တွင်အဋ္ဌမမြောက် ဘုရင်တစ်ပါး ဖြစ်သည်။ ထီးနန်းတက်ချိန် ၁၉ နှစ်တာ ကာလအတွင်း၁၅၃၀ ဆယ်စုနှစ်ကာလမှ ဆယ်စုနှစ်တစ်စုကြာ စစ်တလင်းဖြစ်ခဲ့ရသော နိုင်ငံကိုအောင်မြင်စွာ ပြန်လည်ထူထောင်နိုင်ခဲ့သည်။ သာလွန်မင်းသည်အုပ်ချုပ်ရေးပိုင်းသာမက နိုင်ငံ၏ စီးပွားရေးတွင်လည်းပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်နိုင်ခဲ့သည်။”
“ ၁၆၀၈ခုနှစ်တွင်အနောက်ဘက်လွန်မင်းသည်ပြည်ကိုသိမ်းယူခဲ့ပြီးသာလွန်အားပြည်ကိုအုပ်ချုပ်စေခဲ့သည်၁၆၂၈ခုနှစ်တွင်အနောက်ဘက်လွန်မင်းအားသားတော်မင်းရဲဒိဗ္ဗလုပ်ကြံကာ ထီးနန်းသိမ်းပိုက်ခဲ့သည်။ ထိုစဉ်က သာလွန်မင်းသည် ညီတော်ဖြစ်သူအင်းဝစားဖြစ်သော တောင်ငူ မင်းရဲကျော်စွာနှင့်အတူ ကျိုင်းတုံတွင်ရှမ်းစစ်သည်များနှင့် တိုက်ပွဲဖြစ်ပွားနေချိန် ဖြစ်သည်။”
“ သို့သော်လည်းအနောက်ဘက်လွန်မင်း လုပ်ကြံခံရပြီးနောက် ထီးနန်းကိုပြန်လည်သိမ်းပိုက်ရန်နှင့် ကျူးကျော်ခြားနားနေသော ရခိုင်တို့အားနှိမ်နင်းရန်အတွက် ညီအစ်ကိုနှစ်ဦးမှာ ပဲခူးသို့ ပြန်လာခဲ့သည်။”
“ ၁၆၂၉ ခုနှစ်တွင် သာလွန်နှင့် မင်းရဲကျော်စွာတို့ ပဲခူးကို အောင်မြင်ပြီးနောက် မင်းရဲဒိဗ္ဗကို ကွပ်မျက်နိုင်ခဲ့သည်။ပဲခူးတွင် သာလွန်မင်းအား မွန်လူမျိုးတို့က လုပ်ကြံရန် ကြိုးပမ်းခဲ့ရာမှ မွန်လူမျိုးအမြောက်အမြားအား ကွပ်မျက်ခဲ့သည်” ဟုဖော်ပြထားသည်။
စစ်ကောင်စီမှ အရှည် ၁၃၅ ( ၉ ဂဏန်း) ရှိသော ဖရီးဂိတ်စစ်ရေယာဉ်ကြီးအား သာလွန်မင်း (ငယ်နာမည်- မင်းရဲသင်္ခသူ)အမည်အား ပေးအပ်ချိန်တွင် စစ်ကောင်စီသည် ရခိုင်တွင် စစ်ရှုံးနေသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
သာလွန်မင်းဟု အမည်ပေးထားသော အဆိုပါ ဖရီးဂိတ်စစ်ရေယာဉ်ကြီးအား ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီ (၉ ဂဏန်း) အချိန်တွင် ရေချခဲ့သည်ဟု သိရသည်။
အဆိုပါ စစ်ရေယာဉ်၏ အရှည်မှာ ၁၃၅ မီတာ၊ အနံ ၁၄ ဒဿမ ၅ မီတာ၊ အမြင့် ၉ မီတာ၊ ရေစူး ၄ ဒဿမ ၁ မီတာ၊ ဝန်ပြည့်အလေးချိန် ၃၅၀၀ တန်ချိန်၊ ရေမိုင် တစ်နာရီ မိုင် ၃၀ အထိ မောင်းနှင်နိုင်မည်ဟု သိရသည်။