(လက်နက်များနှင့်အတူဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများလည်းရှိနေ)
နိရဉ္စရာ၊ ဇန်နဝါရီ ၈/ ၂၀၂၅
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင်စစ်ကောင်စီတပ်သားများသည် လက်နက်များနှင့် အတူ ပြည်သူ့ကာကွယ်ရေးတပ်( PDF) ထံ အလင်းဝင်ရောက်နေရာ ဇန်နဝါရီလ အတွင်း အလင်းဝင်လာသူ ၆ ဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။
ထိုသို့ အလင်းဝင်လာရာတွင် ဇန်နဝါရီ ၆ ရက်နေ့က စစ်ကောင်စီတပ်သား ၅ ဦးသည် လက်နက် ၂ လက်အပါအဝင် ခဲယမ်းများနှင့် အလင်းဝင်လာသလို ဇန်နဝါရီလ (၂) ရက်နေ့ကလည်းရဲတပ်သား တစ်ဦးသည် လက်နက်တစ်လက်နှင့် ကျည်များအတူ အလင်းဝင်လာခဲ့သည်ဟု အမှတ်(၁) စစ်ဒေသမှ သတင်းထုတ်ပြန်သည်။
သတင်းထုတ်ပြန်ချက်ထဲတွင် “ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းမှ လောင်းရှည်တိုက်နယ် ရဲစခန်းသို့ ထွက်လာသော စစ်ကြောင်း၏ စစ်ကောင်စီအဖွဲ့ဝင် (၅) ဦးသည် MA-1 (၁) လက်၊ MA-3 (၁) လက်၊ MA ကျည် (၄၃၂) တောင့်၊ လက်ပစ်ဗုံး (၃) လုံး၊ MA ကျည်အိမ် (၉) ခုဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅) ထံသို့ ဇန်နဝါရီလ (၆) ရက်တွင် အလင်းဝင်ရောက်ခဲ့သည်”ဟု ဖော်ပြထားသည်။
၎င်းပြင်“ ဇန်နဝါရီလ (၂) ရက်တွင် ဆောမြို့မရဲစခန်းမှ ရဲတပ်သား (၁) ဦးလည်း ဂန့်ဂေါခရိုင် တပ်ရင်း-၂ ထံသို့ G-3 (၁) လက်၊ 7.62 ကျည် (၅၀) တောင့်၊ ကျည်အိမ် (၂) ခုဖြင့် အလင်းဝင်ရောက်ခဲ့သည်”ဟု ဆက်လက်ဖော်ပြသည်။
ဇန်နဝါရီလ (၄) ရက်တွင် ဆောမြို့နယ်၊ လောင်းရှည်ဒေသ ရင့်ရဲချောင်းရွာအနီး (ဖျင်ချောက်အရှေ့ဘက်)၌ ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅) အဖွဲ့မှ နယ်မြေရှင်းလင်းရေးထွက်စဉ် စစ်ကောင်စီ အဖွဲ့ဝင် (၄) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
၎င်းတို့ထံက MA-1 (၂) လက်၊ MA ကျည် (၄၀၇) တောင့်၊ အီနာဂါ (၂) လုံး၊ လက်ပစ်ဗုံး (၁) လုံး၊ နင်းမိုင်း (၁) လုံး၊ MA ကျည်အိမ် (၇) ခု၊ ကျည်ကာဦးထုပ် (၂) လုံး၊ ကျည်ကာအင်္ကျီ (၃) ထည်၊ ကျောပိုးအိမ် (၃) လုံး၊ စစ်ယူနီဖောင်း (၂) ထည်၊ ဖုန်း (၅) လုံး၊ ရေဘူး (၁) ဘူး၊ ဓား (၁) လက် သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြသည်။
၎င်းနေ့တွင်ပင် လောင်းရှည်ဒေသ လှော်ကားရွာအနီး ဖိုးခြင်းထောင်ကုန်း၌ ဂန့်ဂေါခရိုင် တပ်ရင်း-၆ အဖွဲ့မှ နယ်မြေရှင်းလင်းရေးလုပ်စဉ် ထွက်ပြေးသွားသော စစ်ကောင်စီ အဖွဲ့ဝင် (၂) ဦးထံမှ MA-1 (၁) လက် (မောင်းတုံး ပျက်စီး၊ စပရိန် မကောင်း၊ ကျည်အိမ်အောက်ပိတ်မပါ) သိမ်းဆည်းရမိသည်ဟုဆိုသည်။
ဒီဇင်ဘာလ (၃၁) ရက်တွင် လောင်းရှည်ဒေသ၊ ရင့်ရဲချောင်းရွာအနီး ကစဉ့်ကလျားထွက်ပြေးကြသော စစ်ကြောင်းအား ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅၊ ၆)၊ မကွေးတိုင်း ဒရုန်းတပ်ဖွဲ့၊ စလင်းမြို့နယ် တိုက်ခိုက်ရေးအဖွဲ့ ပူးပေါင်းအဖွဲ့တို့မှ ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ (၂) ဦး သေဆုံးပြီး(၁) ဦး ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့ထံက MA-2 (၂) လက်၊ MA-3 (၁) လက်၊ G-3 (၁) လက်၊ ကျည်အိမ် (၁၄) ခု၊ G-3 ကျည် (၆၄) တောင့်၊ MA ကျည် (၂၅၀) တောင့်၊ အီနာဂါ (၅) လုံး၊ ၆၀ မမ ဗုံးသီး (၃) လုံး၊ Equipment (၂) ခု၊ ကျောပိုးအိတ် (၃) ခု၊ ရေဘူး (၁) ဘူး၊ စစ်ယူနီဖောင်း (၂) စုံ၊ ရဲယူနီဖောင်း (၁) စုံ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။