နိရဉ္စရာ၊ ဇန်နဝါရီ ၂၉/ ၂၀၂၅
ဧရာ၀တီတိုင်း၊ သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦး သည် ယမန်နေ့က စနိုက်ဘာ ထိမှန်ပြီး သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။
၎င်းသာပေါင်းစခန်းမှူးသည် သာပေါင်းမြို့မှ မိုင် (၃၀) ခန့် ဝေးသည့် ကျားခေါင်းရွာနှင့် သစ်ဝမ်းပူရွာနားကြားတွင် အရပ်သား ကားတစ်စီးဖြင့် စီးလာစဉ် စနိုက်ဘာဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်ဟု ၎င်းအခြေအနေကို သိရှိနေသည့် ဒေသခံ တစ်ဦးက ပြောဆိုသည်။
“ ဖြစ်တာက မနေ့က နေ့လယ်မှာ ဖြစ်တာပါ။ စခန်းမှူးရယ်။ ရဲသား သုံးလေးယောက်နဲ့ အရပ်သား ကားတစ်စီးနဲ့ လာကြတာ။ စခန်းမှူးက စနိုက်ဘာထိပြီး ပွဲချင်းပြီး သေတယ်။ ကျန်တဲ့ ရဲတွေဒဏ်ရာနဲ့ ထွက်ပြေးသွားကြရတယ်” ဟု ပြောကြားသည်။
ယနေ့အထိ အဆိုပါ အလောင်းကို မကောက်ရသေးသည့်အပြင် စခန်းမှူးတို့စီးလာသည့် မိဘမဲ့ကလေးဂေဟာကျောင်းပိုင် အရပ်သားကားမှာလည်း အဆိုပါ နေရာတွင်ပင် ရှိနေသေးသည်ဟု ၎င်းက ဆက်လက်ပြောသည်။
“ သူတို့ ကျောင်းကားကို ယူပြီးစီးလာတာ။ ပစ်တာကတော့ လက်နက်ကိုင် အဖွဲ့တွေက ပစ်တာဖြစ်မှာပါ။ အေအေနဲ့ တော်လှန်ရေးအဖွဲ့တွေက သာပေါင်းဘက်ထိ ထိုးဖောက် ဝင်ရောက်နေပြီဆိုတော့ သူတို့ဘဲ ပစ်ဖို့များပါတယ်။ စနိုက်ဘာက အရမ်းကို ကြောက်ဖို့ကောင်းပါတယ်”ဟု ပြောသည်။
လက်ရှိတွင် သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာ၌ အာရက္ခတပ်တော်( AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး၎င်းစခန်းမှူးသည် ရဲတပ်ထဲမှ ထွက်ပြေးနေသည့် ရဲသားများကို လိုက်လံရှာဖွေနေစဉ် စနိုက်ဘာဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။