နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁ / ၂၀၂၅
စစ်ကောင်စီ၏ အာဏာသိမ်းမှုလေးနှစ်ပြည့်သည့် ယနေ့တွင် ဂျပန်နိုင်ငံရောက်မြန်မာလူမျိုး ၅၀၀ ခန့်ပူးပေါင်းပြီး စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
"မြန်မာ့နွေဦးတော်လှန်ရေး အလံမလှဲ လူထုလှုပ်ရှားမှု" ခေါင်းစဥ်ဖြင့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်၊ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီတွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ လူစည်ကားသည့် Chibuya ရထားဘူတာ၌ စုဝေးပြီး ယင်းမှတဆင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသို့ ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲဦးဆောင်သူများက ပြောသည်။
ဆန္ဒပြပွဲဦးဆောင်သူ ကိုသန့်ဇော်ထက်က "နှစ်ပေါင်း ၆၀ ကျော်အမြစ်တွယ်နေတဲ့ ကျနော်တို့ ဒီစစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တွန်းလှန်တဲ့အခါ ခက်ခဲပါတယ်။ ကြမ်းတမ်းပါတယ်။ ပြည်သူလူထုအနေနဲ့လည်း အစွမ်းကုန်ပေးဆပ်ထားတာဖြစ်လို့ ဆက်လက်ပြီး ဒီစနစ်၊ ဒီခေတ်မှာ အပြီးသတ် နောက်ဆုံးတိုက်ပွဲအနေနဲ့ ပူးပေါင်းပါဝင်ပေးကြပါ။ ဆက်လက်ပြီးတောင့်ခံပေးကြပါ"ဟု ဆန္ဒပြပွဲတွင် နိရဥ္စရာ၏မေးမြန်းမှုကို ဖြေကြားခဲ့သည်။
အလားတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ထံ လိပ်မူထားသည့်အိတ်ဖွင့်ပေးစာတစ်စောင်ကိုလည်း သံရုံးထံ သွားရောက်ပေးပို့ခဲ့သည်ဟု ဆိုသည်။
ယင်းစာထဲတွင် စစ်ကောင်စီက ရခိုင်အပါအဝင် တိုင်းရင်းသားဒေသများကို လေကြောင်းမှ နေ့စဥ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့် လျစ်လျူမရှုဘဲ အရေးယူဆောင်ရွက်ပေးရန်စသည့်အချက်အပါအဝင် စစ်ကောင်စီ၏လူ့အခွင့်အရေးချိုးဖောက်ခံနေရသည့်မြန်မာပြည်သူလူထုနှင့်ပတ်သက်သော တောင်းဆိုချက်အချို့ကို ထည့်သွင်းတောင်းဆိုထားသည်ဟု သိရသည်။
ဆန္ဒပြပွဲတွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ရခိုင်လူမျိုးများအပါအဝင် ဗမာနှင့် တိုင်းရင်းသားလူမျိုးများ၊ စုစုပေါင်းလူဦးရေ ၅၀၀ ခန့် ပါဝင်ဆင်နွှဲခဲ့ကြသည်ဟုလည်း ဆိုသည်။
စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၊ အာဏာသိမ်းခဲ့ခြင်းဖြစ်ပြီး ယနေ့ဆိုလျှင် အာဏာသိမ်းခြင်း လေးနှစ်ပြည့်မြောက်သည့်နေ့ဖြစ်သည်။
ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်တွင် နေပြည်တော်၌ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေးတွင်လည်း စစ်ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိုင်းပြည်လုံခြုံရေးဆောင်ရွက်နိုင်ရန်အတွက်ဟုဆိုကာ အရေးပေါ်သက်တမ်းကာလကို နောက်ထပ် ၆ လ ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့သည်။