Preview

စစ်ကောင်စီနှင့် TNLA ၊ AA တို့တွေ့ဆုံဆွေးနွေးရန်ရှိနေဟုဆို

နိရဉ္စရာ | ဖေဖော်ဝါရီ ၀၂/ ၂၀၂၅ | ကြည့်ရှုသူ :2745
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂/၂၀၂၅

စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့်အာရက္ခတပ်တော် (AA)တို့တရုတ်၏ ကြားဝင်မှုဖြင့် ယခုလတွင် တွေ့ဆုံဆွေးနွေးရန်ရှိနေဟုရန်ကုန်အခြေစိုက် ပေါ်ပြူလာနယူးစ်တွင်ဇန်နဝါရီ ၃၁ ရက်နေ့က သတင်းဖော်ပြသည်။

တရုတ်၏ကြားဝင်မှုဖြင့် မြန်မာ့တပ်မတော်နှင့် MNDAA တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရပြီးနောက် မြောက်ပိုင်း(၃)ဖွဲ့အနက် ကျန်ရှိသည့် TNLA နှင့် AA တို့ကပါ မြန်မာ့တပ်မတော်နှင့် ဆက်လက်ဆွေးနွေးရန် ရှိနေသည်ဟုဆိုသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကို နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ တရုတ်ကပြောလာသည့်အတွက်မလွဲမရှောင်သာဆွေးနွေးပွဲကိုတက်ရောက်မည့်အနေအထားသာဖြစ်ကြောင်းပြောဆိုသည်.

 “  တရုတ်ကလည်းပဲ သူလက်လှမ်းမီတဲ့ ရှမ်းမြောက်က အင်အားစုညီနောင် ၃ ဖော်ကိုသူက ငြိမ်းချမ်းရေးဆွေးနွေးတက်ရောက်ဖို့၊အပစ်ရပ်ဖို့ တောင်ဆိုတိုက်တွန်းမှုတွေလုပ်လာတဲ့အခါမှာ ကိုးကန့်လိုရပ်တည်ရေးအတွက်တရုတ်နဲ့မှီခိုနေရတဲ့အနေအထားမှာအပစ်ရပ်စဲလိုက်ရတယ်။ ဒါပေမယ့် TNLA ကတော့ စစ်ရပ်စဲစရာသိပ်ပြီး မလိုအပ်တဲ့အခြေအနေပါ။ဒါပေမယ့် ဆွေးနွေး မှုတော့လုပ်မှာပေါ့။ရခိုင်လည်းအဲသလိုဖြစ်မယ်ထင်ပါတယ်။ဒါပေမယ့် တရုတ်ကပြောလာတဲ့အခါဆွေးနွေးပွဲကိုမလွဲမရှောင်သာတက်ရတာပေါ့ဗျာ။ ဒါလောက်ပါဘဲ”ဟုပြောသည်။

စစ်ကောင်စီနှင့်TNLA တို့သည်ယခုလတွင် ဆွေးနွေးကြမည်ဖြစ်ပြီး နောက်ထပ် ၁၀ရက်ခန့်အကြာတွင် AA နှင့်ဆွေးနွေးမည်ဖြစ်ကြောင် ပေါ်ပြူလာနယူးစ်သတင်းတွင် ဖော်ပြထားသည်။

" စစ်ကောင်စီကနိုင်ငံရေးဆွေးနွေးပွဲတွေလုပ်မယ်ဆိုပြီးလေသံပစ်လာတဲ့အနေအထားပေါ့။ အဲ့လိုအခြေအနေအောက်မှာနိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ ရွှေးကောက်ပွဲတွေပြန်ပြီး ကျင်းပနိုင်အောင်လုပ်မယ့်ဖြစ်စဉ်တွေမှာပါဝင်မှုဆိုတဲ့ကိစ္စတွေကို စစ်ကောင်စီကတွန်းထိုးလုပ်လာတာပေါ့။အဲဒီအထဲမှာသူက ဖရက်ဒရယ်ဒီမိုကရေစီကို ပြည်သူလူထုနဲ့တိုင်းရင်းသားအားလုံးကလိုလားနေတာမှန်းသိနေတဲ့အခါကျတော့အခုကဖက်ဒရယ်အခွင့်အရေးတွေနဲ့ပတ်သက်ပြီးတော့ ဘာတွေပေးမယ်၊ညာတွေပေးမယ်။ဒါပေမယ့်ဒီလိုကတိကဝတ်တွေနဲ့ဒီလိုဆွေးနွေးပွဲတွေက အနှစ် ၇၀ အတွင်းမှာအကြိမ်ကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကဖြတ်သန်းခဲ့ပြီးဖြစ်တဲ့အတွက်ဘယ်သူမှ သိပ်ယုံကြည်တဲ့အနေအထားမရှိပါဘူး” ဟုဦးသန်းစိုးနိုင်ကဆက်လက်ပြောဆိုသည်။

MNDAA နှင့် စစ်ကောင်စီတို့အကြား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလလယ်နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလလယ်ပိုင်းတို့တွင်(၂)ကြိမ် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးလက်ရှိတွင်  အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိကာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း တရုတ်အစိုးရဘက်က တရားဝင် ထုတ်ပြောဆိုထားသည်။

အာရက္ခတပ်တော်သည် တရုတ်အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုကြောင့် စစ်ကောင်စီနှင့် ဆွေးနွေးမှု များရှိသော်လည်း တရားဝင် ထုတ်ပြန်မှု တစ်စုံတစ်ရာမရှိပါ။

အာရက္ခတပ်တော် (AA) ကတာဝန်ရှိများနှင့် တရုတ်တာဝန်ရှိသူများသည် တရုတ်နိုင်ငံ ထိန်ချုံးမြို့တွင်ဒီဇင်ဘာ ၁ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း VOA သတင်းဌာနမှ ဒီဇင်ဘာ ၁၄ရက်နေ့က သတင်းဖော်ပြခဲ့သည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ရက်နေ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ထုတ်ပြန်ချက်ထဲတွင်လည်း လွန်ခဲ့သော နှစ်ကာလများ၌လည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ တက်ကြွသော ဦးဆောင်မှု အောက်တွင် တရုတ်-မြန်မာနယ်စပ်ဒေသတည်ငြိမ်ရေး၊ အကြမ်းဖက်မှုများပပျောက်ရေး၊ အွင်လိုင်း လောင်းကစား(ကျားဖျင်) တိုက်ဖျက်ရေးစသည့် ကဏ္ဍရပ်များတွင် မိမိတို့ အဖွဲ့အစည်းသာမက ကိုးကန့်၊ တအာင်းအဖွဲ့များနှင့်အတူ ‘ဟိုင်ဂင်သဘောတူညီချက်’ ရရှိသည်အထိ မိမိတို့သည် စိတ်အားထက်သန်စွာဖြင့် တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ခဲ့ကြောင်း ဖော်ပြသည်။

ယခုလည်း မိမိတို့သည် လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး အခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေး နည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်ဟု ULA ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

#နိုင်ငံရေး#စစ်ရေး#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.