Preview

မလေးရှားတွင် အမျိုးသမီးနှစ်ဦးအပါအဝင် ရခိုင် ခုနစ်ဦးနှင့် ချင်းအမျိုးသားတစ်ဦး ပြန်ပေးဆွဲခံခဲ့ရ

သဉ္ဇာနွယ် | ဖေဖော်ဝါရီ ၀၇/ ၂၀၂၅ | ကြည့်ရှုသူ :3628
ပြည်တွင်း သတင်း

(မလေးရှားရဲ၏ စီးနင်းမှုကြောင့် ကယ်ထုတ်နိုင်ခဲ့)

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၇/၂၀၂၅

မလေးရှားနိုင်ငံတွင် ရခိုင်အမျိုးသမီးနှစ်ဦးအပါအဝင် ရခိုင်ခုနစ်ဦးနှင့် ချင်းအမျိုးသားတစ်ဦးတို့ ပြန်ပေးဆွဲခံခဲ့ရကြောင်း သိရသည်။

ပြန်ပေးဆွဲခံရသူများမှာ ရခိုင်ပြည်၊ အမ်းမြို့နယ်၊ တပ်တောင်ကျေးရွာမှ ကိုဝင်းဇော်၊ မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာမှ ကိုကျော်ထင်၊ ကုလားမတောင်ကျေးရွာမှ ကိုဇော်ဝင်း၊ ငတက်ကျေးရွာမှ ခင်မောင်ဦး၊ တံခွန်တိုင်ကျေးရွာမှ မောင်မောင်ချေနှင့် နောက်ထပ်အမည်မဖော်လိုသူ ရခိုင်အမျိုးသမီး နှစ်ဦးနှင့် ချင်းအမျိုးသားတစ်ဦးဖြစ်သည်။

အမျိုးသားများမှာ အသက် ၂၅ မှ ၃၀ ကြားဖြစ်ပြီး အမျိုးသမီးနှစ်ဦးမှာ အသက် ၃၅ နှစ်ခန့်ရှိသည်ဟု သိရသည်။

မလေးရှားနိုင်ငံ၊ ချားလမ်းမြို့တွင် ဇန်နဝါရီ ၃၁ ရက်နေ့က တစ်ရက်လျှင် မလေးငွေ ၉၀ ရမည်ဟု ပွဲစားက လိမ်လည်ခေါ်ယူခဲ့ပြီး ပြန်ပြေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ကူညီဆောင်ရွက်ပေးခဲ့သူများက ပြောသည်။

မလေးရှားနိုင်ငံရောက် လူမှုရေးလုပ်ကိုင်နေသည့် ရခိုင်လူမျိုးအမျိုးသားတစ်ဦးက "မလေးရှားမြို့မှာ အလုပ်မရှိတော့ တစ်ရက်ကို ရိန်း ၉၀ ရမယ်၊ အလုပ်ရှိတယ်ဆိုပြီး မြို့ထဲနေ ပွဲစားကခေါ်တာ။ သူတို့ကိုခေါ်ပြီး နေရာတစ်ခုက အခန်းကျဥ်းထဲမှာ ခေါ်ပြီး ပိတ်လှောင်ထားတယ်" ဟု နိရဉ္စရာကို ပြောသည်။

blob
ဓာတ်ပုံ - ပြန်ပေးဆွဲခံခဲ့ရသူများကို တွေ့ရစဥ်။ (ဓာတ်ပုံ - ပေးပို့)

ပြန်ပေးဆွဲခံရစဉ်အတွင်း ကျူးလွန်သူများ၏ ရိုက်နှက်၊ ထိုးကြိတ်၊ ညှင်းပန်းမှုကိုခံခဲ့ရပြီး တချို့မှာ နားမကြားသည်အထိဖြစ်သွားခဲ့ရသည်ဟု မလေးရှားနိုင်ငံရှိ Center of Arakan Refugee  community (CARC)မှ ဒုဥက္ကဋ္ဌ ကိုရာဇာက နိရဉ္စရာကိုပြောသည်။

"သူတို့ကို ကြိုးချည်ပြီး ထိုးကြိတ်တယ်။ လက်တွေကို ဖိနပ်နဲ့တက်နင်းတယ်။ ပိုက်ဆံ မ‌ပေးမချင်းနှိပ်စက်တယ်။ သူတို့ဖုန်းကနေတဆင့် ဆွေမျိုးတွေကိုဆက်သွယ်ခိုင်းပြီး ပိုက်ဆံတောင်းတယ်။ နှိပ်စက်ခံရလို့ နားလေးသွားတဲ့သူက နားလေး၊ ဒဏ်ရာပြင်းလို့ ဆေးကုသမှုပေးထားရတယ်" ဟု ပြောသည်။

ပြန်ပြေးဆွဲသူများက ပြန်ပြေးဆွဲခံရသူများကို အခန်းကျဥ်းတစ်ခုထဲတွင်ပိတ်လှောင်ပြီး တစ်ဦးကို မလေးရှားငွေ ရိန်း (၁၀၀၀၀) တောင်းပြီးခြိမ်းခြောက်ခဲ့ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့် ရခိုင်အဖွဲ့အစည်းနှင့် ချင်းအဖွဲ့စည်းထံမှ သိရသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ချားလမ်းမြို့မှ ထောက်လှမ်းရေးဌာနက ပြန်ပေးဆွဲသူများရှိသည့်နေအိမ်ကို ဝင်ရောက်စီးနင်းရာ ပြစ်မှုကျူးလွန်သူ ခုနစ်ဦးအနက် ဦးဆောင်သူသုံးဦးကိုလည်း ဖမ်းမိခဲ့သလို ပြန်ပေးဆွဲခံရသူများကိုလည်း ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။

ပြန်ပေးဆွဲသူများတွင် မြန်မာနိုင်ငံသားအချို့ပါဝင်သည်ဟုလည်း ဆိုသည်။

လက်ရှိတွင် ပြန်ပေးဆွဲခံရသည့်သူများကို လုံခြုံသည့်နေရာတွင် စောင့်ရှောက်ထားပြီး ကျူးလွန်သူများကို မလေးရှား ထောက်လှမ်းရေးဌာနက ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ကူညီပေးနေသည့်အဖွဲ့အစည်းထံမှတဆင့် သိရသည်။

မလေးရှားရောက် မြန်မာနိုင်ငံသားများမှာ ရဲများ၏ဖမ်းဆီးခံရမှုအပြင် အလုပ်လက်မဲ့ဖြစ်နေ၍ လမ်းဘေးရောက်နေသူများ များပြားနေကြောင်း သိရှိရသည်။

#ဖမ်းဆီး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.