(အမြောက်တပ်တွင် အင်အားနည်းပါးနေ၍ စိုးရိမ်မှုများရှိနေဟုဆို)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၄/ ၂၀၂၅
ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့မှ ၁၄ မိုင်အကွာ၊ အမြောက်တပ် (၃၄၄) တပ်ရင်းမှ ၅ မိုင်အကွာတွင် အာရက္ခတပ်တော်ဦးဆောင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။
ဒေသတွင်း စစ်ရေးရင်းမြစ်တစ်ဦးက “အမတ ၃၄၄ ကနေ ၅ မိုင်ခန့်အကွာ စာဥစမ်းဆိုတာရှိတယ်။ အဲဒီမှာ ဖြစ်နေကြတာ။ မနေ့က နေ့လယ်ပိုင်းကနေ စဖြစ်တာ။ အဲဒီမှာ စကစ ထောက်ပို့ ဂိုဒေါင်တွေလည်းရှိတယ်လို့ သိရတယ်။”ဟု ပြောသည်။
တိုက်ပွဲအတွင်း စကစမှ စက်တပ် လေထီးများနှင့်ပါ တိုက်ခိုက်နေသည်ဟု သိရသည်။
လက်ရှိ အမတ ၃၄၄ တွင် အင်အားနည်းပါးနေ၍ စိုးရိမ်မှုများလည်း မြင့်တက်နေသည်ဟု ကြားသိရကြောင်း ၎င်းက ပြောသည်။
“ လက်ရှိ ကျနော်တို့ကြားတာက အမတ ၃၄၄ မှာ အင်အားနည်းလို့ တပ်တွင်းထဲမှာ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ကြားရတယ်။ တိုက်ပွဲက အမြောက်တပ်ထိ ရောက်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေလည်း ထွက်ပေါ်နေတယ်။ အထူးသဖြင့် ငသိုင်းချောင်းမြို့ အနီးဝန်းကျင်က လူတွေလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် အမတ (၃၄၄) ကို မရောက်မီ ရေကြည်မြို့နယ် ရေနံ့သာဂိတ်တွင် စစ်ကောင်စီက ခံစစ်အကြီးအကျယ်ပြင်နေပြီး အဆိုပါဂိတ်မှာ ရခိုင်က လာသောကားလမ်းနှင့် ဥသျှစ်ပင်ဘက်က လာသောလမ်းဆုံ (ပုသိမ်-မုံရွာလမ်းဆုံ) နေရာဖြစ်သဖြင့် စစ်ရေးအရ အရေးပါသော ဂိတ်ဖြစ်ကြောင်း သိရသည်။
ဒေသခံများအပြောအရ လွန်ခဲ့သည့် တစ်ပတ်ခန့်က ကျားခေါင်း၊ ကင်းပွန်းချဉ်ကျေးရွာများလည်း ဗုံးကြဲခံရပြီး နေအိမ်အများအပြား မီးလောင်သွားခဲ့သည်ဟု သိရသည်။(ပုံစာ>> ငသိုင်းချောင်း(ရေနံသာ)- ဂွလမ်း)