နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၆/၂၀၂၅
ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စစ်ကောင်စီနှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဆွေးနွေးလုပ်ရန် ရှိနေချိန်တွင် စစ်ကောင်စီက TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့အား ဗုံး (၁၇၅) လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
၎င်းတိုက်ခိုက်မှုကို ယမန်နေ့က ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်း ပြုလုပ်ခဲ့သည်ဟုPSLF/TNLA ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ခမ်းမှ လက်နက်ကြီးနှင့် သာမက Y-12 လေယာဥ်ကို အသုံးပြုပြီး ဗုံး (၁၇၅)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
လက်နက်ကြီး အလုံးရေ (၁၃၇)လုံးဖြင့်တောင်ခမ်းစခန်းခမရ (၄၀၆)၊ တပ်ရင်း (၃၅၄)နှင့် တပ်ရင်း (၉၀၂)တို့မှ နောင်ချိုမြို့နယ်အတွင်းရှိ နာဆွေကျေးရွာ၊ အုမ္မတီးကျေးရွာ၊ ညောင်နီကျေးရွာနှင့် တောင်ရွှေကျေးရွာတို့ကို ဖေဖော်ဝါရီလ ၁၅ရက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
၎င်းနောက်ပိုင်း နေ့လယ် ၂နာရီအချိန်ခန့်တွင်လည်း Y-12 လေယာဥ်ဖြင့် နာဆွေကျေးရွာအတွင်း ဗုံး (၃၈)လုံး လာရောက်ကြဲချခဲ့သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၀)ရက်တွင် မိုးကုတ်မြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းကို အသုံးပြုပြီး ဗုံး (၂၀)ခန့် လာရောက်ကြဲချတိုက်ခိုက်မှုကြောင့်ဒေသခံ (၅)ဦး သေဆုံးခဲ့ပြီး (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်များနှင့်တွေ့ဆုံရန်အတွက် အဖွဲ့ဝင်(၉)ဦးပါဝင်သည့် PSLF ကိုယ်စားလှယ်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားမှ ဦးဆောင်ပြီးတရုတ်နိုင်ငံ ကူမင်းမြို့သို့ ဖေဖော်ဝါရီ ၁၅ ရက်ရှိနေပြီး အဆိုပါနေ့တွင်ပင် စစ်ကောင်စီက TNLA ထိန်းချုပ်နယ်မြေရှိ ကျေးရွာများကို ဗုံဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
PSLF/TNLA ကိုယ်စားလှယ် အဖွဲ့နှင့် ကစထ(၁) မှူးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့်စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ကူမင်းမြို့တွင် စတင် ဆွေးနွေးမည်ဖြစ်သည်။