Preview

ချင်းမိုင်တွင်မြန်မာများကိုပစ်မှတ်ထားဖမ်းဆီးမှုများရှိလာ

လူထက်နိုင် | ဖေဖော်ဝါရီ ၂၁/ ၂၀၂၅ | ကြည့်ရှုသူ :487
ပြည်တွင်း သတင်း

လူထက်နိုင်၊နိရဉ္စရာ၊ဖေဖော်ဝါရီ၂၁ /၂၀၂၅

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်မြန်မာနိုင်ငံသားများကိုပစ်မှတ်ထား ဖမ်းဆီးမှုများရှိလာသောကြောင့်သတိထားရန်လိုအပ်လာကြောင်းမြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူများနှင့်ထိုင်းတွင် နေထိုင်သောမြန်မာများကပြောဆိုသည်။

အလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦးက“ လုပ်တာကတခြားနိုင်ငံသားတွေစည်းကမ်း ဖောက်တာတွေလဲရှိတယ်။ဒါပေမယ့် မြန်မာဆို သတိထားရပြီ။ ထိုင်းရဲချုပ်ရဲ့အမိန့်အရချင်းမိုင်မှာဖမ်းနေတယ်နော်။ အထောက် အထား မရှိလည်းဖမ်းတယ်။အထောက်အထားရှိလည်းTM30 လုပ်ထားတာနဲ့အခုအိပ်နေတာကမတူရင်လည်းဖမ်းတယ်။လူဟောင်းရောလူသစ်ရောနာမည်စာရင်းname list နဲ့ပဲ နေရတော့အကုန်ဖမ်းလို့ရတယ်။အနေအထိုင်သတိချပ်ကြပါ” ဟုပြောသည်။

ထိုင်းနိုင်ငံချင်းမိုင်မြို့၌ဖေဖော်ဝါရီ၂၀ရက်နေ့ညပိုင်းတွင်အထောက်အထားမဲ့မြန်မာနိုင်ငံသား၈ဦးကို ဖမ်းမိခဲ့ကြောင်းချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနကသတင်းထုတ်ပြန်သည်။

ချင်းမိုင်ခရိုင်လူဝင်မှုကြီးကြပ်ရေးမှူးဒုတိယရဲမှူးကြီးSutheerthep Phonaruemit ဦးဆောင်သည့်စုံစမ်း စစ်ဆေးရေးအဖွဲ့များကနယ်မြေအတွင်းစီပွားရေးလုပ်ငန်းများအပါအဝင်နိုင်ငံခြားသားများကိုစစ်ဆေးမှုများပြုလုပ်နေရာဖေဖော်ဝါရီ၂၀ရက်ညပိုင်း၌မြန်မာနိုင်ငံသား၈ဦးအဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။

blob
ချင်းမိုင် အဖမ်းအဆီးများ

ဖမ်းဆီးရမိသူ၈ဦးအနက်၆ဦးကိုမူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိခြင်း၊သုံးစွဲခြင်း၊ဖြန့်ဝေခြင်း စသည်တို့ကြောင့်စစ်ဆေးရာအဆိုပါသံသယတရားခံများကဝန်ခံထားကြောင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတဝန်းလုံးရှိရဲတပ်ဖွဲ့များအနေဖြင့်နိုင်ငံခြားသားများ၏အခြေအနေများကိုစောင့်ကြည့် ကြပ်မတ်ရန်ထိုင်းရဲချုပ်Kitrat Panphet ကဖေဖော်ဝါရီ၁၇ရက်တွင်အမိန့်ထုတ်ပြန်ခဲ့ပြီးနောက်ချင်းမိုင်၌စစ်ဆေးမှုများပိုမိုပြုလုပ်လာခြင်းဖြစ်ကြောင်းသိရသည်။

ယခုရက်ပိုင်းထိုင်းနိုင်ငံတဝှမ်းတွင်စစ်ဆေးမှုတင်းကြပ်နေသည့်အတွက်မြန်မာရွှေ့ပြောင်း အလုပ်သမားနှင့်ထိုင်းနိုင်ငံရောက်မြန်မာပြည်သူများအသွား၊အလာသတိရှိကြရန်လိုအပ်ကြောင်းချင်းမိုင်ရောက်မြန်မာအချင်းချင်းသတိပေးမှုများရှိနေသည်။

ထိုင်းနိုင်ငံတွင်နှစ်ပေါင်း၂၅နှစ်ကြာနေထိုင်သူရှမ်အမျိုးသားတစ်ဦး“ထိုင်းရောက်ရွှေ့ပြောင်း အလုပ်သမားတွေ (ဖေဖော်ဝါရီလ၁၃ရက်)ကစပြီးအလုပ် လုပ်ကိုင်ခွင့် လက်မှတ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်ပေမယ့်ထိုင်းအစိုးရကသြဂုတ်လအထိဆက်လက်နေထိုင်ခွင့်ပြုထားပါတယ်။ ဒါပေမယ့် နောက်ဥပဒေတွေတပ်ပြီး ဖမ်းလို့ရတယ်။ ဖမ်းလည်း ဖမ်းနေတယ်။ အသွားအလာ အနေအထိုင် သတိရှိကြပါ”ဟုကပြောသည်။

ထိုင်းနိုင်ငံချင်းမိုင်မြို့အတွင်းထိုင်းရဲတပ်ဖွဲ့များကယခုရက်ပိုင်းနေအိမ်ထဲထိဝင်ရောက် စစ်ဆေးမှု ရှိသကဲ့သို့မြို့တွင်းတွင်လည်းစစ်ဆေးမှုပိုတင်းကြပ်လာကြောင်းသိရသည်။

ထို့အပြင်ယခင်တွင်ယာဉ်မောင်းလိုင်စင်၊ဆိုင်းကယ်ဦးထုပ်နှင့်မူးယစ်ဆေးစစ်ဆေးမှုများသာအဓိကထားစစ်ဆေးသော်လည်းယခုတွင်အထောက်အထားနှင့်အလုပ်လုပ်ခွင့် (Work Permit) တို့ကိုအသေးစိတ်ထားစစ်ဆေးမှုများလည်းရှိကြောင်းကိုယ်တိုင်စစ်ဆေးခံရသူများထံမှသိရသည်။

ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုင်ဆောင်ထားသည့်အလုပ်လုပ်ကိုင်ခွင့်သက်တမ်းသည်ဖေဖော်ဝါရီ၁၃ရက်တွင်ကုန်ဆုံးခဲ့သော်လည်းထိုင်းအစိုးရအနေဖြင့်သြဂုတ်လအထိဆက်လက်နေထိုင်ခွင့်ပြုထားသည်။

ထို့ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားကတ်ကိုင်ဆောင်ထားသောသူများသည်နယ်မြေ ကျော်လွန်ပြီးခရီးမသွားသင့်ကြောင်း၊ခရီးသွားမည်ဆိုလျှင်သက်ဆိုင်ရာနယ်မြေအာဏာပိုင်များ၏ခရီးသွားထောက်ခံချက်များယူရန်၊အိမ်ပြင်သို့ထွက်လျှင်လည်းအထောက်အထားများကိုတပါတည်းယူဆောင်သွားရန်နှင့်ဆိုင်ကယ်မောင်းလျှင်လည်းဦးထုပ်ဆောင်ရန်ယာဉ်မောင်းလိုင်စင်လုပ်ရန်လိုအပ်လျက်ရှိကြောင်းချင်းမိုင်မြို့ရှိ အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောဆိုသည်။

ထိုင်နိုင်ငံတဝန်းရှိရဲတပ်ဖွဲ့ဝင်များအနေဖြင့်သက်ဆိုင်ရာတရားစီရင်ပိုင်ခွင့်အတွင်းမှနေ၍နိုင်ငံခြားသားများ၏အပြုအမူများကိုစောင့်ကြည့်ကြပ်မတ်ရန်ထိုင်းရဲချုပ်Kitrat Panphet ကဖေဖော်ဝါရီ၁၇ရက်တွင်အရေးပေါ်အမိန့်ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ-Chiangmai Immigration

#လူမှုရေးရာ#မြန်မာ-ထိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.