Preview

မကွေးတိုင်း မြိုင်မြို့နယ်ရှိ PDF မင်္ဂလာဆောင်ကို စစ်ကောင်စီ ဗုံးလာကြဲ၍ လူ ၂၀ ကျော် သေဆုံး

လူထက်နိုင် | ဖေဖော်ဝါရီ ၂၅/ ၂၀၂၅ | ကြည့်ရှုသူ :1078
ပြည်တွင်း သတင်း

လူထက်နိုင်၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၅ /၂၀၂၅

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)မှ တပ်ဖွဲ့ဝင်တစ်ဦး၏ မင်္ဂလာဆောင်ကို စစ်ကောင်စီလေတပ်က ဗုံးလာကြဲ၍ လူ ၂ဝ ကျော်သေဆုံးသွားခဲ့သည်ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူများ ထံမှသိရသည်။

မြိုင်မြို့နယ်၊ ဆုံကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်၊ နံနက်တွင်ပြုလုပ်ခဲ့သည့် အဆိုပါမင်္ဂလာဆောင်ပွဲကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်ဗုံးကြဲခဲ့သည့်အတွက် လူ ၂ဝ ကျော်သေဆုံးပြီး ဒဏ်ရာရရှိသူလည်း ၁၀ ဦးကျော်ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံတော်လှန်ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက “ဆုံကုန်းရွာဘုန်းကြီးကျောင်းကို ဗုံးနှစ်လုံးကျတယ်။ ပေါင် ၅၀၀ ဗုံးလို့ PDF ရဲဘော်လေးတွေက ပြောတယ်။ အထိအခိုက်အတော်များတယ်။ တိုက်ပွဲလည်း မရှိဘဲ ပစ်တာ။ လေယာဉ်က ဝဲတောင်မဝဲဘူး။ တန်းပစ်တာ။ ပြည်သူ ၂၀ ကျော် သေတယ်" ဟုပြောသည်။

အဆိုပါမင်္ဂလာဆောင်ပွဲသို့ စစ်ကောင်စီတိုက်လေယာဉ်က ဗုံးကြဲချခဲ့သည့်အပြင် ရော့ကတ်ဒုံးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “မင်္ဂလာဆောင်မှာ အကျွေးအမွေးလုပ်နေချိန် ဗုံးကြဲခံရတာကြောင့် ထိခိုက်သေဆုံးမှုတွေများတယ်။ သေဆုံးနဲ့ဒဏ်ရာရသူတွေကို ဆေးရုံပို့တာတွေ လုပ်ဆောင်နေတယ်။ အသေးစိတ်မပြောနိုင်သေးဘူး” ဟု ပြောသည်။

ဗုံးကြဲခံရသည့် ကျေးရွာသည် မြိုင်မြို့နယ်ရှိ ကျောက်ခွက် ရေနံမှော်များရှိသည့်ကျေးရွာဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်၊ နံနက်ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ရှိ မတော‌ကျေးရွာတွင်ပြုလုပ်ခဲ့သည့် မင်္ဂလာဆောင်တစ်ခုကို စစ်ကောင်စီလေတပ်က ဗုံးကြဲခဲ့သည့်အတွက် သေဆုံးသူ ၂၉ ဦးအထိရှိခဲ့သည်ဟု သိရသည်။

ယင်းဖြစ်စဉ်အတွင်း ဒဏ်ရာရသူလည်း လူဦးရေ ၃၀ ထက်မနည်းရှိခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ - မြိုင်မြို့နယ်၊ ဆုံကုန်းရွာမင်္ဂလာဆောင်အား စစ်ကောင်စီလေတပ်က ဗုံးကြဲအပြီး တွေ့ရစဉ်။ (Photo -- Red Peacock)

#လေကြောင်းတိုက်ခိုက်#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.