သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၆/၂၀၂၅
မကွေးတိုင်း၊ ငဖဲမြို့နယ်အပိုင် အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်းစခန်းတွင် ထွက်မပြေးဘဲကျန်နေခဲ့သည့် စစ်ကောင်စီတပ်သားအနည်းအကျဉ်းကို အလံဖြူထောင်ပြီး လက်နက်ချရန် အာရက္ခတပ်တော်(AA)က ကမ်းလှမ်းထားပြီဟု သိရသည်။
အဆိုပါနတ်ရေကန်ဗျူဟာစခန်းတွင် AA ၏ ထိုးစစ်အရှိန်ပြင်းမှုကြောင့် စစ်ကောင်စီတပ်သားအများအပြား သေဆုံးပြီး အချို့မှာ အသုတ်လိုက် ထွက်ပြေးလျက်ရှိသည်ဟု သိရသည်။
ကျန်ရှိနေသည့်စစ်ကောင်စီတပ်သားအနည်းအကျဉ်းဖြင့် AA တို့တိုက်ပွဲပြင်းထန်နေပြီး အသက်မသေချင်လျှင် အလံဖြူထောင်ပြီး လက်နက်ချရန် AA က ကမ်းလှမ်းနေခြင်းဖြစ်သည်ဟု မြေပြင်ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
“နတ်ရေကန်ဗျူဟာကုန်းပေါ်မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း AA က အလံဖြူထောင်လက်နက်ချဖို့ တိုက်တွန်းထားပါတယ်”ဟု ပြောသည်။
နတ်ရေကန်ဗျူဟာကုန်းရှိ လက်ကျန်စစ်ကောင်စီတပ်သားများဖြင့် AA တို့သည် ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်၊ နံနက်ပိုင်းအထိ တိုက်ပွဲပြင်းနေဆဲဖြစ်သည်ဟုလည်း ဆိုသည်။
စစ်ကောင်စီဖက်မှလည်း လေကြောင်းပစ်ကူပေးပြီး နှစ်ဖက်အပြန်အလှန် လက်နက်ကြီးကျည်များပစ်ခတ်လျက်ရှိကြောင်း သိရသည်။
AA ၏ ထိုးစစ်အရှိန်ပြင်းမှုကြောင့် နတ်ရေကန်ဗျူဟာကုန်းပေါ်မှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများသည် နတ်ရေကန်တောင်အောက်ရှိ ဂုတ်ကြီးစခန်းဖက်သို့ ထွက်ပြေးနေကြသည်ဟု စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
"ပဒါန်းဖက်ကိုမရောက်သေးဘူး။ တောင်အောက်ကိုဆင်းပြေးကြတာများတယ်။ တောင်အောက်မှာရှိတဲ့ ငဖဲမြို့အပိုင် ဂုတ်ကြီးကို နောက်ဆုတ်ထွက်ပြေးနေတယ်" ဟုပြောသည်။
နတ်ရေကန် ဗျူဟာစခန်းကုန်းတွင် ယခင်က အင်အား ၄၀၀ ခန့်ရှိပြီး AA က ယခု ဖေဖော်ဝါရီအစပိုင်းမှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ နတ်ရေကန်ဗျူဟာကုန်းစခန်းသည် AA ၏ ရိက္ခာဖြတ်တောက် ဝိုင်းရံ ပိတ်ဆို့တိုက်ခိုက်ခံနေရကြောင်း မြေပြင်စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
ဓာတ်ပုံ - တိုက်ပွဲဝင်နေသည့် AA တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်။ (Photo – AA Info Desk)