Preview

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)ကို ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာ

လူထက်နိုင် | မတ် ၀၃/ ၂၀၂၅ | ကြည့်ရှုသူ :1248
ပြည်တွင်း သတင်း

လူထက်နိုင်၊ နိရဉ္စရာ၊ မတ် ၃ /၂၀၂၅

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တပ်ဖွဲ့ကို ဖျက်သိမ်းကြောင်း YPDF က မတ်လ ၂ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းကျင်းပခဲ့သည့် တပ်ဖွဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး (၂/၂၀၂၅) ဆုံးဖြတ်ချက်အရ တပ်ဖွဲ့အား အပြီးတိုင်ဖျက်သိမ်းရန်ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း YPDF ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စုစည်းညီညွတ်မှုဖြင့် လက်တွေ့ကျသော စစ်ရေး၊ နိုင်ငံရေး တနည်းအားဖြင့် ယောအမျိုးသားနိုင်ငံရေးကို အကောင်အထည်ဖော်ဆောင်ရာတွင် မိမိတို့တပ်ဖွဲ့အမည်ဖြင့် ဆက်လက်တည်ရှိရန် မလိုအပ်တော့ကြောင်း ယုံကြည်မိပါသည်။ ယခုကြေညာချက် ထုတ်ပြန်သည့် အချိန်မှစ၍ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အား အပြီးအပိုင် ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာလိုက်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အမည်ဖြင့် စစ်ရေး၊ နိုင်ငံရေး စသည့်ကိစ္စများတင်မက အလှုခံခြင်း၊ ကမ်ပိန်း၊ မဲများအပါအဝင် ရန်ပုံငွေဆိုင်ရာကိစ္စရပ်များ၊ အခြားသော အလံ၊ အမည်၊ တံဆိပ် အလွဲသုံးစားပြုခြင်းဆိုင်ရာကိစ္စရပ်များနဲ့ ပတ်သက်၍ ယခင်ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ တာဝန်ယူ ဖြေရှင်းသွားမည် မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။

သို့သော် တော်လှန်ရေး၊ ယောအမျိုးသားနိုင်ငံရေးကို စုစည်းညီညွတ်သော အခင်းအကျင်းဖြင့် ပိုမိုကောင်းမွန်သော အရွေ့ကို တက်လှမ်းကာ တပ်ဖွဲ့ဝင်အားလုံး ဆက်လက်ဆောင်ရွက်နေမည်ဟုလည်း ဖော်ပြထားသည်။

YPDF သည် ၂၀၂၁ ခုနှစ်၊ မတ်လကတည်းမှစတင်ကာ စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ ယောဒေသ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး တနည်းအားဖြင့် ယောအမျိုးသားနိုင်ငံရေးကို အစဉ်တစိုက် လုပ်ဆောင်ခဲ့သော တပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

တပ်ဖွဲ့သည် တော်လှန်ရေးကာလတလျှောက် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးကို တတ်စွမ်းသမျှ လုပ်ဆောင်လျက်ရှိပြီး ပြည်သူလူထု ထိခိုက်နစ်နာစေမည့် အကြောင်းအရာများကိုလည်း အလေးထား ရှောင်ရှားကာ တော်လှန်ရေးယုံကြည်ချက် အပြည့်အဝဖြင့် လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

blob

ဓာတ်ပုံ - YPDF
တပ်ဖွဲ့ရပ်တည်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လမှ ယနေ့အချိန်ထိ တပ်ဖွဲ့အနေဖြင့် အမျိုးသားရေးတင်မက ယောပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေး၊ ကာကွယ်ရေး၊ ရန်သူအင်အားပြုန်းတီးရေး၊ ရန်သူ့လှုပ်ရှားနယ်မြေကျဉ်းမြောင်းရေး စသည့်ကိစ္စများတွင် တတ်အားသမျှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တပ်ဖွဲ့ဝင်ရဲဘော် ခြောက်ဦးအသက်ပေးလှုသွားခဲ့ပြီး သုံးဦး ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ကြကာ ထိခိုက်ဒဏ်ရာရရှိသူလည်း များစွာရှိခဲ့ကြောင်း သိရသည်။

“ထိုသို့ စွန့်လွှတ်ပေးဆပ်ခဲ့ကြသော အာဇာနည်သူရဲကောင်းအပေါင်းနှင့် မိသားစုဝင်များကိုလည်း တပ်ဖွဲ့အနေဖြင့် ဦးညွတ်အလေးပြုအပ်ပါသည်။ ထို့အပြင် တပ်ဖွဲ့အား ထောက်ပံ့ကူညီဖေးမခဲ့ကြသော ပြည်သူလူထုများ၊ တပ်ဖွဲ့ဝင်များ၊ မဟာမိတ်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ၊ ရဲဘော်ရဲဘက်များအားလုံးကို တပ်ဖွဲ့မှ ကျေးဇူးအထူးတင်ရှိပါကြောင်း ဤနေရာမှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် မိမိတို့တပ်ဖွဲ့ မျှော်မှန်းခဲ့သည့်အတိုင်း ယောအမျိုးသားနိုင်ငံရေးကို ညီညီညာညာ စုစုစည်းစည်းဖြင့် ဆောင်ရွက်ရန် အချိန်အခါကောင်းသို့ ရောက်ရှိနေပြီဆိုသည့် အသိစိတ်သည် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေကြသည့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များတင်မက ပြည်သူလူထုကပါ အသိအမြင်များ နိုးကြား သန္ဓေတည်လာခဲ့ကြပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဓာတ်ပုံ - YPDF
---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

----

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.