Preview

၃ရက်အတွင်း မြန်မာနိုင်ငံတွင် ငလျင် ၂ကြိမ်လှုပ်ခတ်

ခိုင်လူလှ (ရိုးမမြေ) | မတ် ၀၅/ ၂၀၂၅ | ကြည့်ရှုသူ :1206
ပြည်တွင်း သတင်း

နိရဉ္စရာ၊ မတ်လ ၅/၂၀၂၅

၃ ရက်အတွင်း မြန်မာနိုင်ငံတွင် ငလျင် နှစ်ကြိမ်လှုပ်ခတ်ခဲ့သည်။ လွန်ခဲ့သည့် မတ်လ ၃ ရက်နေ့က တစ်ကြိမ်နှင့် ယနေ့ မတ်လ ၅ ရက်နေ့တွင် တစ်ကြိမ်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ မတ်လ ၅ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၄ နာရီ ၃၆ မိနစ်တွင် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာတွင် ဗဟိုပြု၍ အင်အား ၅.၁ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (DMH) က ထုတ်ပြန်သောသတင်းအရ သိရသည်။

ယနေ့ မတ်လ ၅ ရက်၊ မြန်မာစံတော်ချိန် (၀၄) နာရီ၊ (၃၆) မိနစ်၊ (၄၇) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၃၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ညောင်တုန်းမြို့၏ အရှေ့တောင်ဘက် (၆) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၉၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၆) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားမှုအား တိုင်းထွာရခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ်လ ၃ ရက် အစောပိုင်းကလည်း ရန်ကုန်မြို့တွင် ပြင်းအား (၄.၅)  အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ မတ်လ (၃) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၀၃)မိနစ်၊ (၁၃)စက္ကန့် အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၂၇)မိုင်ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် (၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၂၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၆)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိခဲ့သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ငလျင် လှုပ်ခတ်မှုမှာ စက္ကန့် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး ရန်ကုန်မြို့က ကမာရွက်၊ ကြည့်မြင်တိုင်၊ အလုံ၊ စမ်းချောင်း၊ လှိုင်၊ အင်းစိန်၊ ရန်ကင်း စသည့် မြို့နယ်များ သိသိသာသာ ခံစားခဲ့ရသည်ဟု ပြောဆိုကြသည်။

မတ်လ ၃ ရက်နေ့က ငလျင်နှင့် ပတ်သက်ပြီး “ ငလျင်လှုပ်တာကတော့ အားနည်းနည်းပြင်းပါတယ်။ အောက်ထပ်မှာ နေတာတောင် ဒီလောက် သိသာခံစားရတယ်ဆိုရင်။ အထပ်မြင့်တွေမှာနေတဲ့ သူတွေဆိုရင် တော်တော်လေး လှုပ်ခတ်သွားမှာ။ ငလျင်စလှုပ်တော့ သရဲခြာက်တယ်ထင်ပြီး ထပြေးတာ။ ဘေးအိမ်က လူတွေက ငလျင်လှုပ်တယ်ပြောသံတွေကြားမှ ငလျင်လှုပ်မှန်းသိတာပါ။ ထိတ်လန့် မှုတွေရှိခဲ့ပါတယ်”  ဟု ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှာနေထိုင်သူ အမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောဆိုသည်။

#မြေငလျင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.