အောင်ကြွယ်ငြိမ်း၊ နိရဉ္စရာ၊ မတ် ၈/ ၂၀၂၅
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရှိ စစ်ကောင်စီတပ် ခမရ ၃၀၈ တပ်ရင်း၏ ကာကင်းစခန်းတစ်ခုကို အာရက္ခတပ်တော်(AA)နှင့် မဟာမိတ်ပူးပေါင်းတပ်တို့ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်ဝင်ရောက်လာ၍ တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ယမန်နေ့ မတ်လ ၇ ရက်၊ နံနက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်က သာပေါင်းမြို့နယ်ရှိ ဆင်ကနီခုံရွာနှင့် ကွင်းကလေးကျေးရွာတို့ကို ထိုးစစ်ဆင်ဝင်ရောက်လာ၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့မတ်လ ၈ ရက်၊ မနက်အစောပိုင်းကလည်း တိုက်ပွဲပြင်းထန်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
"တိုက်ပွဲက ပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်က မနေ့ကနေ ထိုးစစ်ဆင်ဝင်လာတာ။ ဒီမနက်မှာလည်း တိုက်ပွဲပြင်းထန်ခဲ့တယ်"ဟု ပြောသည်။
စစ်ကောင်စီတပ် ခမရ ၃၀၈ တပ်ရင်း၏ ကာကင်းစခန်းတစ်ခုကို ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က AA နှင့် မဟာမိတ်ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဆက်လက်၍ ခမရ ၃၀၈ တပ်ရင်းအား သိမ်းပိုက်နိုင်ရန် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားနေသည့်နေရာသို့ သာပေါင်းမြို့မှ စစ်ကားများဖြင့် စစ်အင်အားဖြည့်တင်း ပို့ဆောင်မှုများပြုလုပ်ခြင်း၊ စက်တပ်လေထီးများဖြင့်ပါ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
သာပေါင်းမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ ညနေ ၆ နာရီခန့်က သာပေါင်းမြို့နယ်၊ သဲဖြူအရှေ့ရွာအနီးရှိ ကင်းပွန်းချဉ်တောင်အနီးကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား AA နှင့် မဟာမိတ်ပူးပေါင်းတပ်တို့ တိုက်ခိုက်ခဲ့ရာမှစတင်ကာ တိုက်ပွဲပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထို့အပြင် AA နှင့် မဟာမိတ်ပူးပေါင်းတပ်တို့က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က သာပေါင်းမြို့နယ်ရှိ ကင်ပွန်းချဉ်တောင်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
Photo - AA Info Desk
----
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။